31.5 C
Yangon

ရေစကြို-ပခုက္ကူ လမ်းပိုင်းကို စစ်တပ်က ကုန်စည် သယ်ယူခွင့် ကန့်သတ်လိုက်ပြီး ဆန် ၁ အိတ်နှင့် စားဆီ ၁ ပုံးသာ သယ်ဆောင်ခွင့်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၇

မကွေးတိုင်း၊ ရေစကြို-ပခုက္ကူ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ကုန်စည် သယ်ယူခွင့် ကန့်သတ်လိုက်ပြီး ဆန် ၁ အိတ်နှင့် စားဆီ ၁ ပုံးသာ သယ်ဆောင်ခွင့်ပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်တပ်က ရေစကြို-ပခုက္ကူလမ်းပိုင်းကို ကုန်စည်သယ်ယူခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ဆန် ၁ အိတ်နှင့် စားဆီ ၁ ပုံးသာ သယ်ဆောင်ခွင့်ပေးကာ အပိုပစ္စည်းများယူဆောင်လာပါက ပခုက္ကူမြို့နှင့် ရေစကြိုမြို့ အထွက်ရှိ စစ်တပ် ဂိတ်စခန်းများက သိမ်းဆည်းကြောင်း သိရသည်။

ထိုသို့ သိမ်းဆည်းခံရသော ဈေးသည်များက ဂိတ်စခန်းရှိ ဗိုလ်မှူးများကို သွားရောက် မေးမြန်စဉ်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တပ်မမှူး၏ အမိန့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မည်သည့်အချိန်ထိ ကုန်စည် သယ်ယူခွင့် ကန့်သတ်မည်ကိုမသိရှိကြောင်း ပြန်လည် ပြောဆိုသည်ဟု သိရှိရသည်။

ရေစကြိုမြို့နယ်သည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး အမိန့်တွင် ပါဝင်သော မြို့နယ်ဖြစ်ပြီး စစ်တပ်က ဖြတ်လေးဖြတ် စတင်လုပ်ဆောင်လာခြင်းဖြစ်ကာ ပြည်သူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို လွတ်လပ်စွာ သယ်ဆောင်ခွင့်မရှိတော့သောကြောင့် ကုန်စည် ရှားပါးလာပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ရေစကြို-ပခုက္ကူ လမ်းပိုင်းကို ပိတ်ထားတာ ၂ ရက် ရှိပြီ ဈေးသည် ဈေးဝယ်တွေ အတော် အဆင်မပြေဖြစ်နေကြတာ ဈေးသည်တွေက စစ်တပ်က ဗိုလ်မှူးကို သွားပြောကြတော့ ၁၀၁ တပ်မမှူးက အမိန့်ပေးထားလို့တဲ့ ရေစကြိုမြို့နယ်ကို စစ်အုပ်ချုပ်ရေးထဲပါလို့ လုပ်ဆောင်တာလို့ပြောတယ်။ သူတို့ ဖြတ်လေးဖြတ် စတင် လုပ်ဆောင်တဲ့ သဘောပဲ မြို့ဝင်ဂိတ်တွေက စစ်သားတွေကလည်း ကားတိုင်းကို စစ်ဆေးပြီး ဆန် ၁ အိတ်နဲ့ ဆီ ၁ ပုံး ထက်ပိုရင် သိမ်းထားတယ်။ ဓားမြတိုက်သလိုကို သိမ်းယူတာ ကုန်စည်တွေကို လွတ်လွတ်လပ်လပ် သယ်ယူခွင့်မပေးတော့ ကုန်ဈေးနှုန်းက ပိုကြီးလာနိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြေဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article