29.2 C
Yangon

ပုလဲမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဆက်လက်တိုက် မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်လက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း Beyond The Chindwin Organization-BCO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်သားများနှင့် ဇီးဖြူကုန်းရွာမှ ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည်ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ညောင်ပင်ဇောက်ရွာနှင့် ကွမ်းကိုင်းရွာတို့မှ တဆင့် ငှက်ပျောတောတောင်ရွာတွင် ညအိပ်တပ်ဆွဲပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းတိုင်ပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ထိ ကျေးရွာအတွင်းရှိ‌ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“နေအိမ် ပျက်စီးမှုက တော်တော်များတယ်။ ကျေးရွာထဲမှာ စစ်ခွေး စစ်ကြောင်းက ရှိနေသေးတော့ နေအိမ်ပျက်စီးမှု အရေအတွကို အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း တကွဲတပြားနဲ့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ခွေးတွေ ငှက်ပျောတောတောင်ရွာကို မီးရှို့သွားတာက နေအိမ် ၅ လုံး ပျက်စီးသွားတယ်” ဟု Beyond The Chindwin Organization-BCO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူကာ ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article