ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း People’s United Front မှ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်သော် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် ခမရ ၅၈၉ တပ်ရင်း၏ အထိုင်ချ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၈၁) တပ်ဖွဲ့နှင့်အတူ ဒေသ တော်လှန်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ၊ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ဒီနေ့ မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဝင်တိုက်ပြီး ပြန်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ပုံမှန်ထိုင်တာကတော့ အဲဒီဂိတ်မှာ အနည်းဆုံး ၇ ဦးကနေပြီးတော့ ၁၀ဦးဝန်းကျင်ကြားရှိတယ်။ ကျနော်တို့ တိုက်ခိုက်တဲ့ ညကတော့ မူးယစ် သောက်စားလာတဲ့သူတွေ အရာရှိ အဆင့်ရှိတဲ့ ၂ ယောက်အပါအဝင် အနည်းဆုံး ၁၅ ဦးလောက်ရှိတယ်။ တိုက်ပွဲဖြစ်ပွားတဲ့အချိန်ကတော့ မိနစ် ၂၀ လောက်ပဲရှိတယ်။ သေဆုံးတာကတော့ အရာရှိအဆင့်လို့ ယူဆရသူ ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပါတယ်။ ထိခိုက်ဒဏ်ရာသူ ၁၀ ဦး ဝန်းကျင်ရှိလောက်တယ်။ ကျွန်တော်တို့ကတော့ ဒဏ်ရာရတဲ့ စာရင်းကိုတိတိကျကျ မသိရတော့ ကျွန်တော် တိတိကျကျ မသိတော့ မထုတ်ပြန်ထားတာပါ” ဟု People’s United Front မှ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်သော်က ပြောဆိုသည်။
အဆိုပါ ဂိတ်စခန်းသည် ကျေးရွာချင်းဆက်လမ်းများကို ပိတ်ဆို့ခြင်း၊ လူသွားလမ်းလာပြည်သူများကို မတရားဖမ်းဆီး ငွေညှစ်ခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်း၊ လူငယ်များအား အတင်းအကျပ်စစ်သားစုဆောင်းခြင်းများပြုလုပ်နေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

