မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် တောင်သာမြို့နယ်၊ ကန်ရွာဘူတာ၊ ဘိန်းနွယ်ကုန်းနှင့် တစ်မိုက်သာရွာဘက်ကို မြင်းခြံမြို့ဘက်မှ စစ်ကား ၃ စီးဖြင့် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဗုံးထိမှန်ကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စက်တင်ဘာလ ၃ ရက်နေ့မှာ တောင်သာမြို့နယ်၊ ကန်ရွာဘူတာ၊ ဘိန်းနွယ်ကုန်းနဲ့ တစ်မိုက်သာ ရွာဘက် စစ်ခွေးတွေက စစ်ကြောင်းထိုးဖို့ မြင်းခြံမြို့ကနေ ကား ၃ စီးနဲ့ ထွက်လာတာကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ ကျနော်တို့ ရဲဘော်တွေ ပစ်ခတ်တဲ့ ၄၀ မမ ဗုံးတွေ ထိမှန်ပြီး စစ်ခွေး ၅ ကောင်သေဆုံးတယ်” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူး က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်၃ တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
