မြန်မာပြည်သူများကို လေကြောင်းတိုက်ခိုက် သတ်ဖြတ်မှုများအတွက် အဓိက တာဝန်ရှိသော မင်းအောင် လှိုင်နှင့် စိုးဝင်း အပါအဝင် လေတပ်နှင့်စစ်ဘက်အရာရှိ ၂၂ ဦးကို Fortify Rightsက ယမန်နေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် ဖော်ထုတ်လိုက်သည်။
စက်တင်ဘာလ ၄ ရက်နေ့ Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအသစ်တွင် ကချင်နှင့် ကရင်နီပြည်နယ်ရှိ အရပ်သားများနှင့် အကာအကွယ်ပေးထားသည့် နေရာများအား သေဆုံးမှုဖြစ်စေသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် မြန်မာ အာဏာသိမ်း စစ်အုပ်စုအရာရှိ ၂၂ ဦး၏ အမည်များကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများအတွက် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်အရာရှိကြီး ၂၂ ဦးသည် နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်ကြောင်း ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ စစ်ရှောင်စခန်းများ၊ ဆေးရုံများနှင့် နေအိမ်များကို မတရား ဗုံးကြဲတိုက်ခိုက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေ သည့် စစ်ခေါင်း ဆောင်များ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် လေတပ်စခန်းများဆီသို့ ဦးတည်ညွှန်ပြနေသည့် သက်သေ အထောက်အထား အသစ်များကိုလည်း Fortify Rightsကအစီရင်ခံစာ၏ စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။
စက်တင်ဘာလ နှောင်းပိုင်း ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်မည့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် လေယာဉ်ဆီ နှင့် လက်နက်တင်ပို့မှုများ ပိတ်ဆို့အရေးယူရန် တွန်းအားပေး အရေးယူရန် Fortify Rightsက တောင်းဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများအား လုံခြုံရေးကောင်စီ က နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးစေရန် ဆောင်ရွက်သင့်ကြောင်း Fortify Rights က တိုက်တွန်းထားသည်။
“ဒီတိုက်ခိုက်မှုတွေက မတော်တဆဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒီနေ့ထိတိုင် ဆက်လက်တည်မြဲနေပြီး ပိုအတင့်ရဲ လာတဲ့ မြန်မာ့စစ်တပ်ရဲ့ စစ်ဌာနချုပ်ဖွဲ့စည်းပုံအဆင့်ဆင့်အတိုင်း စစ်အုပ်စုက အစီအစဉ်ဆွဲပြီး အမိန့်ပေးခွင့် ပြုချက်တွေနဲ့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်” ဟု Fortify Rights ၏ လူ့အခွင့်အရေး ဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံ မချစ်ဆိုင်းက ပြောကြားသည်။
“ကျွန်မတို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတိုင်းဟာ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကနေ ရလာတဲ့ စိတ်ဒဏ်ရာတွေကို ဆက်လက်ခံစားနေရဆဲပါ။ စစ်လေယာဉ်အသံတွေ၊ သွေးနံ့တွေနဲ့ ထပ်ပြီးပစ်မှတ်ထားတိုက်ခိုက်ခံရမှာတွေကို ထိတ်လန့်နေရဆဲပါ။ လက်နက်တွေနဲ့ လေယာဉ်ဆီတင်ပို့မှုကို ကန့်သတ်ပြီး မြန်မာစစ်အုပ်စုကို ရာဇဝတ်မှု ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားဝင်တဲ့ တာဝန်ယူမှုနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရား ဖြစ်ပါတယ်။”ဟု သူမက ဆက်ပြောသည်။
Fortify Rights၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် တိကျထင်ရှားသော တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် စစ်အုပ်စုမှ ထိပ်တန်းအရာရှိ ၂၂ ဦး၏ အမည်များကို ဖော်ပြထားခြင်းအပြင် တိုက်ခိုက်မှုများအား အမိန့်ပေး၊ ခွင့်ပြုခဲ့သည့် စစ်ဌာနချုပ် (၈) ခုနှင့် လေကြောင်းအပြင် လက်နက်ကြီးတိုက်ခိုက်မှုများနှင့် သက်ဆိုင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့ ၁၂ ခုကိုလည်း ဖော်ထုတ်ထားသည်။
Fortify Rights သည် ကချင်နှင့် ကရင်နီပြည်နယ်များရှိ အရပ်သားများနှင့် ကာကွယ်ပေးထားသည့်နေရာများ ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ၁၀ ခုကို စုံစမ်းစစ်ဆေးခဲ့ရာ ယင်းတိုက်ခိုက်မှု တို့ကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ နေအိမ်များ၊ စခန်းများနှင့် ဆေးရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း၊ စစ်အုပ်စုသည် အရပ်ဘက် စစ်ဘက်ခွဲခြားသတ်မှတ် နိုင်ရန်နှင့် စစ်တပ်ဆိုင်ရာပစ်မှတ်များကို တရားဥပဒေနှင့် ကိုက်ညီစေရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း သက်သေအထောက်အထားများက ပြသနေပြီး ၎င်း၏တိုက်ခိုက်မှုများသည် စစ်မြေပြင်၌ ရှုံးနိမ့်မှုများရှိလာပြီး နောက်ပိုင်းတွင် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိခြင်းသည် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သည့် အစုအဖွဲ့လိုက် အပြစ်ပေးခြင်းအဖြစ် သက်ရောက်နိုင်ကြောင်း ဖော်ပြ ညွှန်းဆိုထားသည်။
“ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ လက်တုံ့ပြန်ဖို့နဲ့ အကြမ်းဖက်မှုကို ဖြစ်ပေါ်စေဖို့ ရည်ရွယ်တဲ့ ပိုမိုသိသာကျယ်ပြန့်တဲ့ မဟာဗျူဟာတစ်ရပ်ကို ပြသနေပြီး မြေပြင်ပေါ်က စစ်ရေးရှုံးနိမ့်မှုအတွက် ရပ်ရွာတစ်ခုလုံးကို အပြစ်ပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။”” ဟု Fortify Rights ၏ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောကြားသည်။
လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူ ၂၂ ဦးတွင် မင်းအောင်လှိုင်၊ စိုးဝင်း ၊ ကျော်စွာလင်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး တို့ပါဝင်ပြီး ထိပ်တန်းအရာရှိကြီးများတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ကိုကိုဦး၊ တေဇာကျော်၊ နိုင်နိုင်ဦး၊ အောင်အောင်တို့ပါဝင်သည်။
လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသော တိုင်းမှူးများတွင် မြောက်ပိုင်းတိုင်း တိုင်းမှူး၊ဗိုလ်မှူးချုပ်အောင်ဇော်ထွေး၊ ရပခ တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ဒစက တနိုင်းမှ ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ဒကစ လွိုင်ကော်မှ ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ စကခ မှူးများအဖြစ် အမှတ် ၂၁ စခက မှ ဗိုလ်မှူးချုပ်တင်မင်းလတ်၊ အမှန် ၇ စကခ မှူး ဗိုလ်မှးကြီးကျော်သူရတို့လည်းပါဝင်သည်။
လေတပ်မှ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်၊ တံတားလေတပ်စခန်းမှ ဗိုလ်မှူးချုပ်မောင်မောင်စိုးလည်း တာဝန်ရှိသူ ၂၂ ဦးစာရင်းတွင် ပါဝင်ကြောင်း သိရှိရသည်။
