စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ချောင်းမကျေးရွာတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများကို ခရိုင်ကွပ်ကဲရေးဌာနသို့ စစ်သုံ့ပန်းဥပဒေနှင့်အညီ လွှဲပြောင်းလိုက်ကြောင်း ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်၊ချောင်းမကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အတူ ပူးပေါင်းကာ ယင်းမာပင်ခရိုင်၊ လေ့ကျင့် ရေးဌာနက သင် တန်းနည်းပြဆရာများကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းမှာ စက်တင် ဘာ ၃ ရက်နေ့၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော အင်အား ၅၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဖြစ်ပြီး ယင်းမာပင်မြို့နယ်နှင့်ကနီမြို့နယ်အစပ်ရှိ တရော်ကျင်းရွာ ၊ ချင်းတောင်ရွာမှ တဆင့် မုံရွာ – ယာကြီး လမ်း ပေါ်ရှိ ချောင်းမကျေးရွာကို ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ချောင်းမကျေးရွာတွင် ၇ ရက် ခန့် တပ်စွဲထားချိန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းအပြင် စစ်တပ်ထံမှ 60MM ၊ MA-1 ၊ MA-3 MAS ၊ MG3 လက်နက်များ Jumper စက်အပါအဝင် စစ် အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း၊ ယခုအခါ စစ်သုံ့ပန်းများကို ခရိုင်ကွပ်ကဲရေးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။
“စစ်သုံ့ပန်းတွေကို ခရိုင်ကွပ်ကဲရေးဌာနကို လွှဲလိုက်ပါပြီ။ စုစုပေါင်း စစ်သုံ့ပန်းက ၄ ဦးပါ။ 9 plus အနေနဲ့က စစ်သုံ့ပန်း ၄ ဦး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ULFအနေနဲ့ ဖမ်းမိတာက သူတို့ သတင်းထုတ်ပြန်မှ ကောင်းပါလိမ့်မယ်” ဟု ယင်းမာပင်ခရိုင်၊ လေ့ကျင့် ရေးဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကော်မရှင်က ဟောင်ဝှစ်ဇာ နှင့် ၁၂၀ မမ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံးမှုရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် Union Liberation Front (ULF) မှ စစ်ကြောင်းမှူး ကျဆုံးခဲ့ရကြောင်း၊ တော်လှန်ရေးရဲဘော် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးမှုကို ရပ်တန့်ပြီး နောက်ပြန်ဆုတ်သွားသော်လည်း တော်လှန် ရေးတပ်များအနေဖြင့် အမြဲမပြတ် သတိရှိနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“စကစဖက်က ဘန့်ဘွေးအထိ လူအချိန်းအပြောင်းလုပ်တာ ရှိပြီ စစ်ကြောင်း နောက်ဆုတ်တဲ့ သဘောမှာ ရှိနေတယ်။ ကာကွယ်ရေးတပ်တွေကတော့ အသင့်အနေအထားနဲ့ စောင့်နေရတာပေါ့”ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။



