ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အကြိမ်ကြိမ် တပ်လန်ကျသော်လည်း စစ်မှုထမ်း တပ်သားသစ်များကို အင်အားဖြည့်တင်းကာ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အတွင်းရှိ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန်ရေး တပ်ဖွဲ့များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြောင်း၊ ဒရုန်းဖြင့် နှစ်ဖက်စလုံးက ဗုံးကျဲတိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားနေကြောင်း သိရှိရသည်။
အလားတူ ကော့ကရိတ်မြို့နယ်အတွင်းရှိ ရန်ကုတ်ရွာနှင့် လှိုင်စိမ်းရွာဘက်တို့တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်တပ် စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်သောကြာင့် အသေခံ ဒရုန်းများ နေ့စဉ် တိုက်ခိုက်နေကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များကလည်း ဒရုန်း၊ ရှော့တိုက်ဒုံး၊ စနိုက်ပါများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး တိုပ်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း သိရသည်။
ကျုံဒိုးမြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်ကြောင်း တစ်ခုလုံး ဖွဲ့စည်းပျက်သွားပြီး ကျုံဘိုင်းရွာနှင့် အင်ကြီးရွာဘက်တွင် သေဆုံးနေသော စစ်သား အလောင်း ၄၀ ခန့်မှာ လာရောက် ကောက်ယူနိုင်ခြင်းမရှိသောကြောင့် ပုတ်ပွနေကြောင်း သိရှိရသည်။
“ကျုံဒိုးနဲ့ ကော့ကရိတ်နယ်ထဲမှာ စစ်ကြောင်ထိုး နေတဲ့စစ်တပ်ကို ဒရုန်းစစ်ဆင်ရေး နဲ့ တိုက်ခိုက်တာ နေတိုင်းတပ်လန်ပြီး နာနေပေမယ့် စစ်ခွေးတွေက စစ်မှုထမ်း တပ်သားတွေကို အင်အားဖြည့်တင်းပြီး နေ့တိုင်း ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဖြစ်နေတာ စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ ဝန်းကျင်ထိ ကျုံဒိုးမြို့နယ်ထဲက ကျုံဘိုင်းရွာနဲ့ အင်ကြီးရွာဘက်မှာ စစ်ခွေးတွေသေတာ အလောင်း ၄၀ လောက် ပုတ်ပွနေတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မြ၀တီမြို့ကို အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသော စစ်တပ်က ယမန်နေ့ညပိုင်း မြ၀တီကုန်သွယ်ရေးဇုန်အနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များကလည်း ဒရုန်းဖြင့် မြ၀တီမြို့နယ်ပတ်ဝန်းကျင်တွင် တပ်စွဲထားသော စစ်တပ်နေရာတချို့ကို ဗုံးကျဲချခဲ့ကြောင်း သိရှိရသည်။
