တနင်္သာရီတိုင်း၊ ပလောက်မြို့တွင် အခြေစိုက် ခလရ ၂၈၀ တပ်ရင်းမှ စစ် မှုထမ်း တပ်သားသစ် ၂ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်လာကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပလောက်မြို့တွင် အခြေစိုက် ခလရ တပ်ရင်း ၂၈၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ ထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရှိရသည်။
ထိုအလင်းဝင်ဘက်ပြောင်းခိုလှုံသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ထိုင်းနိုင်ငံအလုပ်သွားလုပ်နေစဥ် အဖမ်းခံရပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်သို့ ပြန်လည်ပို့ဆောင်ခြင်းခဲ့ရကြောင်း၊ ယင်းနောက် ကျွန်းစုမြို့ရှိ အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းအဖြစ် စုဆောင်းခဲ့ကြောင်း၊ စစ်သင်တန်း ၃ လတက်ခဲ့ရပြီးနောက် ရှေ့ တန်း သိန်းခွန်းဘက်သို့အပို့ခံခဲ့ရချိန် ထွက်ပြေးခဲ့ကာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် တပ်ရင်း ၁၁ ထံသို့ လက်နက်မပါအလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့ကြောင်း KNU – Mergui-Tavoy District က သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်က ထိုင်းဘက်မှ ပြန်လည်ပို့ဆောင်လာသော အမျိုးသားလူငယ်များကို ကော့သောင်းမြို့တွင် လက်ခံပြီးနောက် ပြန်လွှတ်ပေးခြင်းမရှိဘဲ စစ်မှုထမ်းသင်တန်းကျောင်းများသို့ပို့ဆောင်ကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သားသစ်များ ထုတ်ဖော်ပြောဆိုထားသည်

