ရန်ကုန်၊ စက်တင်ဘာ ၂၇
တန့်ဆည်မြို့နယ် ကံထူးမကျေးရွာရှိ ဆီဆိုင်နှင့်စားသောက်ဆိုင်ကို လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲချခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် သေဆုံးသူ ၁၀ ဦးကျော်လာပြီး ထိခိုက်ဒဏ်ရာရရှိသူများပါ ထပ်မံ သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်စ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ လူစည်ကားရာ နိုဘယ် ဆီဆိုင်နှင့် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဗုံးကျဲမှုကြောင့် သေဆုံးသူ ၈ ဦး တွေ့ရှိခဲ့ရပြီး ယနေ့ ထပ်မံ၍ ရှင်းလင်းမှုများလုပ်ဆောင်ရာတွင် သေဆုံးသူများ ထပ်မံတွေ့ရှိရကြောင်း၊ ဒဏ်ရာရရှိသူများအနက်မှလည်း ဆေးရုံတွင် သေဆုံးသူများရှိကြောင်း သိရှိရသည်။
“ကံထူးမကျေးရွာ နိုဘယ်ဆီဆိုင်ပိုင်ရှင်ရဲ့ သမီး ကိုယ်ဝန်ဆောင်သည်နဲ့ ဆီဆိုင်ဝန်ထမ်း၊ ကားဆရာတွေပါ သေဆုံးပါတယ်။ အလောင်းက အခုထက်ထိ ၁၀ ဦးကျော်လာပြီ။ ဆေးရုံမှာလည်း ဒဏ်ရာရရှိသူတွေ ထပ်ပြီး သေဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို ဗုံးကျဲ တိုက်ခိုက်ခံရသော ကံထူးမကျေးရွာ စားသောက်ဆိုင်တွင် ပြည်သူများ မွေးနေ့ပွဲ ကျင်းပနေချိန်ဖြစ်သောကြောင့် ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း၊ စစ်တပ် သတင်းပေး ဒလန်များကြောင့် ဗုံးကျဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
လတ်တလော တန့်ဆည်မြို့ပေါ်တွင် အခြေပြုထားသော စစ်တပ်က တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများ မြင်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


