24.7 C
Yangon

ပေါက်မြို့နယ် မြေနီမြောက်စုရွာ ဘုန်းကြီးကျောင်းနှင့် ထီးလင်း-ပေါက် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြေနီမြောက်စုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် ပေါက်မြို့နယ် အနောက်ပိုင်းရှိ မြေနီမြောက်စုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်တယ်လို့တော့ မကြားမိဘူး။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ မြေနီမြောက်စုကျေးရွာ၊ ဘုန်းကြီးကျောင်းတောင်ဘက်ကို ဗုံးကျရောက် ပေါက်ကွဲတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ပေါင်မြို့နယ် အစပ်ရှိ ပုံတောင် တောင်ကြောကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့နယ်အရှေ့ခြမ်းနှင့် ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ပုံတောင် တောင်ကြောတစ်နေရာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ယာခင်းအတွင်းတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ ယာခင်းတွေထဲကို ကျရောက် ပေါက်ကွဲတယ်လို့ သိရတယ်။ ပေါက်မြို့နယ် အနောက်မြောက်ခြမ်းက ယာခင်းပြင်ထဲကို ဗုံးကျတယ်လို့ သိရတယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article