မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှောပင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်ခန့်တွင် မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို ရောက်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၄၀ နှစ်အရွယ် နှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မြိုင်မြို့နယ် နှောပင်ရွာ တောဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဒရုန်းနဲ့ ဗုံးကျဲလို့ နှောပင်ရွာမှာ နေထိုင်တဲ့ အမျိုးသား ၂ ဦးသေဆုံးတယ်။ ပြည်သူတွေက ရွာထဲ ပြန်ဝင်ချိန် လိုက်ကြည့်တော့ အလောင်း ၂ လောင်းတွေ့ခဲ့တာ” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ နှောပင်ရွာ တောဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်တစ်နေရာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၇ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာများကို နမခ မှ တက်သော စက်တပ်လေထီး ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယင်းမာပင်နဲ့ ဆားလင်းကြီးအစပ်ကို စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်သေဆုံးမှုကို မသိရသေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းရှိဘဲ တိုက်ခိုက်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
