ရန်ကုန်၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော သံတွဲမြို့ပေါ် လူနေရပ်ကွက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် အရပ် သား ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူတချို့၏ ပြောဆိုချက်နှင့် ဒေသသတင်းရင်းမြစ် Arakan Princess Media ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၂၇ မိနစ်ဝန်းကျင်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက်ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမှတ် ၄ ရပ်ကွက်မှ ဦးညီညီ သေဆုံးခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ်အရွယ် မောင်အောင်သီဟစိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခင်ခင်ဌေး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ထွေးနှင့် အသက် ၄၂ နှစ်အရွယ် ဦးထွန်းနိုင်မင်းတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကျဲချတာ။ ဆက်တိုက် ချသွားတာ။ ကလေးက ဒဏ်ရာ ပြင်းထန်တယ်။ သူတို့(စစ်တပ်) စစ် သင်္ဘောတွေ အဝေးကနေ ကင်းထောက်တာ၊ ဒရုန်းတွေနဲ့ ကင်းထောက်တာရှိတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာကလည်း အသံကြားတာနဲ့ ဗုံးကျတာနဲ့က သိပ်မကွာဘူး။ ရှောင်ချိန်မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။


