25.9 C
Yangon

မြင်းခြံ ညောင်ပင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ ကျောက်မဲ နမ့်ဆော့ရွာကိုလည်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၎င်း၏ သားဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ညောင်ပင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ် ၂ လုံးမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ နမ့်ဆော့ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆော့ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးနှင့် လက်နက်ကြီး ၆ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြောင်းဖူးခင်းများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ယင်းနေ့တွင် မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသော ဘုန်းကြီးကျောင်းနှင့် နေအိမ်များ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article