တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် သဲချောင်းကြီးရွာကို ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ ရွာထဲကို လေယာဉ်နဲ့ ဗုံးကျဲသွားတာ အနည်းဆုံး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရတယ်။ ရွာထဲကို ပေါင် ၅၀၀ ဗုံး ၁ လုံးကျတယ်လို့ သိရတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထား၀ယ်ခရိုင်ထဲကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ ပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားသည်။
ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျောက်လှေကားကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၇၃ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
