မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူး အဖွဲ့က ၆၀ မမ လက်နက်ကြီးများဖြင့် အနီးကပ် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မနေ့က ည ၉ နာရီလောက်မှာ ၅၉၁ တပ်ရင်းကို ၆၀ မမ စိန်ပြောင်း လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်တယ် ။ အနီးကပ်ကို ဝင်ရောက် ပစ်ခတ်တယ်။ မီတာ ၁၀၀၀ အကွာအဝေးလောက်ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ဘက်က ပြန်လည် တုံ့ပြန်လာခြင်း မရှိဘူး။ လေးချက် ပစ်တာ ၂ ချက်ကွဲတယ်။ ၂ ချက်မကွဲဘူး” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောဆိုသည်။
ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ယင်းနေ့ ည ၁၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
” ကျနော်တို့ တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် ည ၁၂ နာရီလောက်မှာ သူတို့ဘက်ခြမ်းက ၂ ချက်ပြန်ပစ်တယ်။ ကျွန်တော်တို့ ဘက်ခြမ်းကို ကျွန်တော်တို့ဘက်က ထိခိုက်မှု ဘာမှမရှိဘူး။ စစ်ခွေးတွေဘက်က ထိခိုက်မှု အတိအကျကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်”ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ဆက်လက်ပြောဆိုသည်။

