ရန်ကုန်၊ အောက်တိုဘာလ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရန်ကုန်ရွာတွင် နေထိုင်သော အသက် ၄၀ နှစ်အရွယ် စောဖူဒီး၊ အသက် ၆၀ အရွယ် ဦးသဒေါင်းတို့အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်ဆီးပြီး ကော့ကရိတ်မြို့သို့ ခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် အသက် ၂၇ နှစ်အရွယ် စောအ ကျော်ကိုလည်း ရွာထဲ၌ ပစ်သတ်ကာ အလာင်းဖျောက်ပစ်ခဲ့သဖြင့် မိသားစုဝင်များက ပြန်လိုက်ရှာ သော်လည်း တွေ့ရှိရခြင်းမရှိသေးကြောင်း သိရသည်။
အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်၊ မြပတိုင်ရွာ၊ နောင်ထပ္ပံရွာ၊ နန်းကော့တေးရွာကို ရောက်ရှိနေသော ခလရ ၅၄၇ တပ်ရင်းမှ အကြမ်းဖက် စစ်သားမျာ သည် ကျေးရွာသားများကို ဖမ်းဆီး ရိုက်နှက်ကာ နောင်ထပ္ပံရွာသားအားလုံးကိုလည်း ဘုန်းကြီးကျောင်းထဲ၌ ဖမ်းဆီးထားကြောင်း သိရှိရသည်။
ထို့ပြင် ကော့ကရိတ်မြို့နယ်၊ မြပတိုင်ရွာဘက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများထားရှိရာ နေရာများကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့် DKBA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် နောင်မိရွာနှင့် ထီးဖိုးစံရွာဘက်ကို ဗုံးကျဲ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင့် ထီးဖိုးစံကျေးရွာဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထီးဖိုးစံ ဘုန်းကြီး ကျောင်းကို ထိမှန်ခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်များ၊ ကျောင်းအုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ ကြောင်း သိရသည်။
“တော်လှန်ရေးဘက်ကနေ မြပတိုင်ဘက်ရှိတဲ့ စစ်တပ်ရဲ့ အမြှောက်တပ် တည်နေရာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာမှာ စစ်ခွေးနဲ့ DKBA တွေ ထိခိုက် သေဆုံးတာရှိလာလို့ နောင်မိရွာနဲ့ ထီဖိုးစံရွာ ဘက်ကို လက်နက်ကြီးပစ်၊ ဒရုန်းနဲ့ ဗုံးကျဲ၊ တနေကုန် အဆက်မပြတ် လုပ်နေတာ ကော့ကရိတ် ၉၇ တပ်ကလည်း အတွဲလိုက်ပစ် လက်နက်ကြီးတွေနဲ့ ထီဖိုးစံ ကွင်းများဘက်ကို ပစ်လို့ ထီဖိုးစံ ဘုန်းကြီး ကျောင်းအုတ် တံတိုင်းပြိုကျ၊ ကျောင်းဆောင်တွေ ထိမှန်ပျက်စီးတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
