28 C
Yangon

လက်ရှိ ရရှိထားသော စစ်ရေးရပ်စဲရေး သဘောတူညီချက်မှာ နောက်ဆုံး ငြိမ်းချမ်းရေး မဟုတ်ဘဲ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် ဝေးလံနေဆဲဟု MNDAA စစ်ဦးစီးမှူးချုပ် သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ ၁ တွင် လက်ရှိ ရရှိထားသော စစ်ရေးရပ်စဲရေး သဘောတူညီချက်မှာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံး ငြိမ်းချမ်းရေး မဟုတ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေး ဝေးလံနေဆဲဖြစ်ကြောင်း ကိုးကန့် အထူးဒေသ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ MNDAA၏ စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Mr. Peng De Ren က သတိပေးပြောဆိုလိုက်သည်။

အောက်တိုဘာ ၂၅ ရက်နေ့ MNDAA၏ ၂၀၂၅ ခုနှစ် အပတ်စဉ် ၁ ကေဒါများ အလှည့်ကျသင်တန်းဆင်းပွဲတွင် ၎င်းက သင်တန်းသားများနှင့် တပ်မှူးများကို လက်ရှိ အခြေအနေများအကြောင်း ရှင်းလင်းပြောဆိုစဉ် အထက်ပါအတိုင်းသတိပေးပြောဆိုခြင်းဖြစ်သည်။

MNDAA စစ်ဦးစီးမှူးချုပ်က လက်ရှိရရှိထားသော စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးဧကန် ငြိမ်းချမ်းရေးမဟုတ်သေးသည်ကို အားလုံးသိရှိရမည်ဖြစ်ကြောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိရန် လမ်းစဉ်မှာ ဝေးလံနေဆဲဖြစ်ကြောင်း၊ တပ်သားအားလုံးအနေဖြင့် ပျက်ကွက်သည့် အတွေးအခေါ်များကို ပြင်းပြင်းထန်ထန် ရှောင်ရှားကာ အမြဲတမ်း မြင့်မားသော သတိပေးချက်နှင့် မဟာဗျူဟာကျ သိရှိနားလည်မှုကို ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

“၁၀၂၇” စစ်ဆင်ရေး လုပ်ဆောင်ချက်မှ စတင်ခဲ့သည့် ခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို ပြန်လည်သုံးသပ်ရင်း ယနေ့ရရှိထားသော စစ်ရေးရလဒ်များသည် မရေမတွက်နိုင်သော တပ်ဖွဲ့ဝင်များ၏ သွေးချွေးနှင့် အသက်ပေးလှူခဲ့မှုများဖြင့် ရရှိခဲ့ခြင်းဖြစ် ကြောင်း၊ ကွပ်ကဲရေးမှူးအားလုံးအနေဖြင့် သမိုင်းကို မှတ်မိရန်၊ ရလဒ်များကို တန်ဖိုးထားရန်၊ ရရှိပြီးသား စစ်ရေးရလဒ်များကို ဆက်လက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခိုင်မာသော အခြေခံအုတ်မြစ်အဖြစ်သို့ အသွင်ပြောင်းရန် MNDAA စစ်ဦးစီးချုပ်က ညွှန်ကြားသည်။

ထို့ပြင် MNDAAမှ ဗိုလ်မှူးချုပ် Mr. Lan Tian En ကလည်း သင်တန်းဆင်းပွဲတွင် စစ်ရေးကော်မတီကိုယ်စား လုပ်ငန်းတာဝန်ခွဲဝေချမှတ်ခြင်း မိန့်ခွန်းပြောကြားရာတွင် ကေဒါသင်တန်းကို အထူးဒေသ လုံခြုံရေးအခြေအနေ ရှုပ်ထွေးပြီး ကျပ်တည်းသည့် အဓိက အချိန်အခါတွင် ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းမှာ စစ်ရေးကော်မတီက စစ်ရေးအခြေအနေ ခြုံငုံသုံးသပ်ကာ အနာဂတ်အတွက် မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ တပ်တော်အတွက် အနာဂတ်၏ ရှုပ်ထွေးသောစစ်ပွဲများကို ရင်ဆိုင်နိုင်ပြီး ခက်ခဲသောတိုက်ပွဲများကို ရဲရင့်စွာတိုက်ခိုက်နိုင်ကာ အောင်ပွဲခံနိုင်သည့် အရိုးခံအင်အားစုတစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး၏ ၂ နှစ်မြောက်နေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် AA ၊ MNDAA နှင့် TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်စခန်းများ၊ တိုင်းစစ်ဌာနချုပ်များ၊ မြို့များ၊ တပ်ရင်းတပ်ဖွဲ့များကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အမြင့်ဆုံးအောင်မြင်မှုမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ တွင် အကြမ်းဖက်စစ်တပ်၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article