27 C
Yangon

မြ၀တီမြို့နယ်၊ KK Park ကို စစ်တပ်က ဖောက်ခွဲမှု ထိုင်းဘက်သို့ အစများလွှင့်စင်ပြီး နေအိမ်များ ထိမှန်

Must read

မြ၀တီမြို့နယ်၊ KK Park ကို စစ်တပ်က ဖောက်ခွဲမှု ထိုင်းဘက်သို့ အစများလွှင့်စင်ပြီး နေအိမ်များ ထိမှန်

ရန်ကုန်၊ နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KK Park ကို စစ်တပ်က နေ့စဉ် ဆက်လက် ဖောက်ခွဲမှုများ လုပ်ဆောင်နေပြီး ယနေ့နံနက်ပိုင်း အဆိုပါ KK Park ပေါက်ကွဲမှုမှ အစများမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းရှိ နေအိမ်များသို့ လွှင့်စင် ထိမှန်လာကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်တပ်က KK Park ကို အပြင်းစား မိုင်းများဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး အလွန်ပြင်းထန်သော ပေါက်ကွဲမှုများကို ထိုင်းဘက်အခြမ်း၊ မဲဆောက်မြို့မှ ပြည်သူများ သိသိသာသာ ခံစားခဲ့ရသည်။

အောက်တိုဘာလ နှောင်းပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်တပ်က KK Park ကို ဝင်ရောက်စီးနင်းပြီးနောက် နေ့စဉ် ဖောက်ခွဲမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ ဖောက်ခွဲမှုမှာ အလွန်ပြင်းထန်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ဘက်အခြမ်းရှိ နေအိမ်များသို့အ စများ လွှင့်စင် ထိမှန်ခြင်း၊ အိမ်ခေါင်မိုးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တပ်၏ KK Park ကို ဖောက်ခွဲမှုမှာ အကြိမ် ၃၃ ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

“ထိုင်းသတင်းတွေမှာတော့ KK Park ကို ဖောက်ခွဲမှုက လွင့်စင်လာတဲ့အစတွေက အိမ်ခေါင်းမိုးတွေ အိမ်တွေ ထိမှန်တာ ဓာတ်ပုံတွေနဲ့ တက်လာပါတယ်။ ဒီနေ့ ဖောက်ခွဲမှုက တော်တော်လည်း ပြင်းထန်တယ်။ ဒီဘက်ကမ်းမှာ အိမ်တွေတောင် တုန်တယ်” ဟု ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ကမူ မြဝတီ – မဲ့ထော်သလေး (KK Park) နယ်မြေမှ တစ်ထပ်လူနေအဆောက်အအုံ ၁ လုံး၊ နှစ်ထပ် လူနေအဆောက် အအုံ ၈၀၊ သုံးထပ်လူနေအဆောက် အအုံ ၈ လုံး၊ လေးထပ် လူနေအဆောက်အအုံ ၂၇ လုံး၊ ကိုးထပ် လူနေ အဆောက်အအုံ၁လုံး၊ ဈေးဆိုင်နှင့်လူနေနှစ်ထပ် အဆောက်အအုံ ၄ လုံး၊ ဈေးဆိုင်နှင့် လူနေလေးထပ်အဆောက် အအုံ ၂ လုံး၊ စားသောက်ဆိုင်နှင့် လူနေ နှစ်ထပ်အဆောက်အအုံ ၁ လုံး၊ ဂိုဒေါင် ၁၂ လုံး၊ ခြောက်ထပ်ဟိုတယ် ၁ လုံး၊ GYM အားကစားခန်းမ ၁ ခု၊ နှစ်ထပ် KTV အဆောက်အအုံ ၁ လုံး၊ နှစ်ထပ် SPA အဆောက် အအုံ ၁ လုံး၊ လေးထပ်ဆေးရုံအဆောက်အအုံ ၁ လုံး၊ နှစ်ထပ် Canteen အဆောက်အအုံ ၂ လုံး၊ နှစ်ထပ် ဈေးဆိုင်အဆောက်အအုံ ၂ လုံး၊ သုံးထပ် လူနေလိုင်းခန်း အဆောက်အအုံ ၃ လုံး စုစုပေါင်း အဆောက်အအုံ ၁၄၈ လုံး တည်ရှိခဲ့ကြောင်း၊ အဆောက်အအုံ ၁၀၁ လုံးကို ဖြိုချဖျက်ဆီးပြီး ကျန်ရှိသည့် ၄၇ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

KK Park ကို စစ်တပ်က ဟန်ပြဝင်ရောက်စီးနင်းပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ် သုန်တို့က KK Park မှ ကျားဖြန့် တရုတ်သူဌေးများ၊ အွန်လိုင်း နည်းပညာဆိုင်ရာ ပညာရှင်များ အပါအဝင် အရေးပါသူများကို ခေါ်ထုတ်သွားပြီး တချို့မှာ ရွှေက္ကိုလ်တွင် ရောက်ရှိကာ တချို့မှာမူ BGF က အထူးစီစဉ်ပေးထားသော နေရာများတွင် ပြန်လည် နေရာချထားပေးခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ မြ၀တီမြို့နယ် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို ထိုင်းအစိုးရက စိစစ်နေပြီး ယခုအခါ ထိုင်းရောက် နိုင်ငံခြားသေား ၁၆၀၀ ကျော်ရှိပြီး KK Park မှာ စစ်တပ်လက် အောက်ခံ BGF က အဓိက လုံခြုံရေးယူ တာဝန်ယူ တည်ဆောက်ထားသော အွန်လိုင်းကျားဖြန့်စင်တာတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article