မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသော စစ်တပ်က အနောက်အင်အားကြီးနိုင်ငံအချို့၏ စီးပွားရေးပိတ်ဆို့မှုနှင့် မီဒီယာ အသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ခံနေရကြောင်း မင်းအောင်လှိုင် ခန့်အပ်ထားသော ဝန်ကြီးချုပ် ဆိုသူ ဗိုလ်ချုပ်ဟောင်း ညိုစောက ပြောဆိုသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကော်မရှင် တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံအပေါ် အနောက်အင်အားကြီးနိုင်ငံအချို့နှင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများ၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် နယ်စပ်ဒေသများကိုအခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်အတူ ကျူးလွန် ဆောင်ရွက်နေသည့်အတွက် ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
စစ်တပ်က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်အထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင် ရောက်လာခဲ့သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈၀၀၉ ဦးကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း တရား မဝင် ဝင်ရောက်လာပြီး နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် လောင်းကစားအဖွဲ့များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်း ညိုစောက ဆက်လက် ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်ခန့် ညိုစောက ထိုသို့ ပြောဆိုသော်လည်း လက်တွေ့ မြန်မာနိုင်ငံတွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုများ အမြစ်ပြတ်သွားခြင်းမရှိသေးဘဲ ပိုမိုတိုးပွားလာနေကာ အမေရိကန်ပြည်ထောင်စုက ကျားဖြန့် တိုက်ဖျက်ရေး အထူးအဖွဲ့ ဖွဲ့စည်းရသည်အထိ အခြေအနေ များဖြစ်ပေါ်လာသည်။
လက်ရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်တပ်နှင့် လက်အောက်ခံ BGF များက KK Park နှင့် ရွှေကုက္ကိုလ်တွင် ကျားဖြန့် နှိမ်နင်းရေး ဟု အမည်တပ်၍ ဝင်ရောက်စီးနင်း ဖမ်းဆီးမှု တချို့လုပ်ဆောင်နေသော်လည်း BGF က ကျားဖြန့် တရုတ်သူဌေးများနှင့် ရထိုက် ကုမ္ပဏီတာဝန်ရှိသူများကို ဝင်ရောက်မစီးနင်းမီ ဘေးလွတ်ရာ နေရာများသို့ ခေါ်ထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGကမူ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များက ရာဇဝတ်လုပ်ငန်းများကို အာဏာ သိမ်းစစ်တပ်၏ အကာအကွယ်ဖြင့် ပြန်လည်လုပ်ကိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ အကျပ် အတည်းများ၏ အဓိက တရားခံမှာ အကြမ်း ဖက်စစ်တပ်သာဖြစ်ကြောင်း၊ နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နင်းရန် ကြိုးစားလာသောကြောင့် စစ်တပ်က KK Park ကဲ့သို့ သော ငွေကြေးလိမ်လည်မှု စင်တာများကို အယောင်ပြ ဖြိုခွင်းပြပြီး ကရင်ပြည်နယ်၏ အခြားနေရာ ၂ ခုသို့ ပြောင်းရွှေ့ကာ ငွေကြေးလိမ်လည် စင်တာများပြန်လည် လည်ပတ်နိုင်ရန် စီစဉ်နေမှုကို NUG က အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုထားသည်။




