မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နတ်ကြီးစဉ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦး နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၀၀ နာရီကျော်ခန့်အချိန် နတ်ကြီးစဉ်ရွာသို့ မတ္တရာမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်များသည် နတ်ကြီးစဉ်ရွာပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မတ္တရာမြို့ပေါ်က စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ နတ်ကြီးရွာထဲကို ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၄ ဦးထက်မနည်း ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေက ဗုံးစတွေ ထိမှန်တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်မြောက်ပိုင်းရှိ ဒက္ခိဏအာရုံရွှေကျင်ဘုန်းကြီးကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ၂ ဆောင် မီးလောင် ပြိုကျခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အချိန်က နေ့လည် ၁၂ နာရီခွဲက ၅လုံးပစ်တယ်ပြောတယ်။ သေဆုံးသွားတဲ့ ပြည်သူ ၄ ဦးက နတ်ကြီးစဥ်ရွာပဲ၊ အသက်အရွယ်နဲ့ အမည်တွေကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲနေပါ။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၄ ဦးကလည်း အဲဒီ ကျေးရွာပါပဲ။ နောက်ပြီး တစ်အိမ်တည်းစုနေတဲ့ပုံစံပဲ ကျွန်တော်တို့ Starlink ထောက်ပို့
အလှုခံထားတာလေးတွေရှိတဲ့အတွက် ပါဝင်ပေးဖို့ကိုလည်း Voice Of Mandalay ကတောင်းဆိုထားပါတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။




