ရန်ကုန်၊ နိုဝင်ဘာ ၂၇
ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ် ပဲခူးရိုးမပေါ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါဝင် ပြည်သူ ၁၈ ဦး မုဒိမ်းကျင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်အနီးရှိ ဘုတရာဘုရားအနီး စစ်တပ်၏ ၄၃၆ တပ်ရင်း နှင့် ခလရ ၅ တပ်ရင်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများသည် ကျီးမနိုးကျေးရွာတွင် နေထိုင်သော ကိုယ်ဝန်ဆောင် မိခင် ၂ ဦးအပါအဝင် မျှစ်ချိုး၊ ဝါးခုတ်နေသော ပြည်သူ ၁၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွင်းချောင်းဆည်အနီး တောင်ယာ လုပ်ငန်း လုပ်ကိုင်နေသော ဌာနေ ကရင်လူမျိုး သားအမိ ၂ ဦးကိုလည်း အကြမ်းဖက် စစ်သားများက ရက်စက်စွာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင်လည်း အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော တပ်မ ၇၇ နှင့်အုတ်တွင်းမြို့နယ် ၄၈ သင်တန်းဆင်း အကြမ်းဖက် စစ်သားများက မိုင် ၂၀ ကျေးရွာ၊ ၁၈ မိုင်၊ ၁၇ မိုင်၊ ၁၆ မိုင် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းကာ ကျေးရွာများကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
ထို့သို့ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျွန်းစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသော မိသားစုဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဟုတ်ပါတယ်။ စစ်ခွေးတွေ မုဒိမ်းကျင့် ဖမ်းဆီးသတ်ဖြတ်သွားတာ ပြည်သူ ၁၈ ဦးရှိပါတယ်” ဟု ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
ဗျူဟာ ၂၂ နယ်မြေ ပဲခူးခရိုင်ထဲအတွင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် စစ်တပ်၏ သတ်ဖြတ်မှုများ၊ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများကြောင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၁၀၀၀ ကျော်ခန့်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိချိန်တွင် ၃၇၀၁ ပဲခူးခရိုင် တပ်ရင်းအနေဖြင့် ပြည်သူများကို ဘေးလွတ်ရာ နေရာများသို့ ခေါ်ဆောင်ထားပြီး ကာကွယ်စောင့်ရှောက်ထားကာ လိုအပ်သည့် ကူညီပံ့ပိုးမှုများကိုလည်း စီစဥ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပဲခူးခရိုင်တပ်ရင်း (၃၇၀၁) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်မင်းခေါင်က ပြောဆိုထားသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မပတ်သတ်ကြပါရန်နှင့် မကြာမီကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကိုလဲ မဲမပေး မပါဝင်ရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပတ်သတ်ဆက်နွယ်နေသည့်သူများ အကြမ်းဖက် စစ်ကောင်စီတပ်ကို အားပေးအားမြှောက်ပြုနေပြီး အတုအယောင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပါဝင်လှုံ့ဆော်သူများ၊အားပေးကူညီသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ က အသိပေးပြောဆိုထားသည်။





