30 C
Yangon

“ဘယ်ဘက် လက်နဲ့ ပေး၊ ညာဘက်လက် နဲ့ ပြန်ယူ ၊ ပြည်သူ့ နာမည် အလွဲသုံးစား လုပ်ဖို့ မကြံနဲ့။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ထွက်ပေါက် ရှာမှာမျိုးကို လုံး၀ ခွင့်မပြုဘူး။ ကျနော်တို့က ပန်းဝင်မှာ ဖြစ်တယ်။ နေဝင်မှာ မဟုတ်ဘူးဗျ ။ အချင်းချင်း ကွဲကြောင်း မရှာပါနဲ့။ ရန်သူ့ အက်ကွဲကြောင်း ကိုသာ ရှာပါ။ စစ်ပွဲတွေ အားလုံးကို ပြန်ကြည့်လိုက် ပြည်သူ လူထုပါတဲ့ ဘက်က နိုင်တာပဲ “

Must read

ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

By သာလွန်ဇောင်းထက်/ရန်ကုန်ခေတ်သစ်

နွေဦးတော်လှန်ရေး ၁ နှစ်ခွဲနီးပါးကြာမြင့်လာချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ တော်လှန်ရေး အရှိန်အဟုန်များနှင့်ပတ်သက်ပြီး ဦးမင်းကိုနိုင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ တော်လှန်ရေးကာလက ၁ နှစ်ခွဲ နီးပါးရှိလာပြီဆိုတော့ အားလုံး အရမ်းပင်ပန်းလာကြတော့ တော် လှန်ရေး ဘယ်တော့ ပြီးမှာလဲဆိုပြီး မေးလာကြတယ်။ စားဝတ်နေရေးတွေလည်း ခက်လာကြတော့ လက်ရှိတော်လှန်ရေးကို ဘယ်လိုမြင်ရလဲ။ ပြီးတော့ ပြည်သူတွေကို ဘယ်လို သတင်း စကားပြောချင်လဲ။

ဖြေ။ ။ စစ်တုရင်ပွဲအနေနဲ့ ပြောမယ်ဆိုရင် ဗျူဟာတွေခင်းပြီးသွားပြီ။ အမြန်ရွှေ့ကွက်ကိုရောက်သွားပြီ။ စစ်တုရင် ပထမဗျူဟာခင်းတဲ့ကာလကတော့ ပေးကြရတာပဲလေ။ အခုဟာ ရွှေ့တဲ့အကွက်တွေရောက်ကုန်ပြီ။ အဲဒါဟာ ရွှေ့တာပဲဖြစ်တယ်။ မူလက စဉ်းစား ထားပြီးသားတွေကြီးပဲ လုပ်နေကြတာပဲနော်။ အနေအထားအနေ နဲ့ပြောရရင် စစ်ကောင်စီဘက်နဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက်ပဲ ရှိတာ။

တော်လှန်ရေးအင်အားစုတွေဘက်က NUG က ဘာလဲလို့ အရင်ဆုံး မေးရင် အစိုးရ ။ဒါလေးကို နည်းနည်း သဲကွဲဖို့ လိုလိမ့်မယ်။ သူက ပေးရမယ့် Message က နယ်ပယ်သုံးခုရှိတယ်။

(၁) နိုင်ငံတကာနယ်ပယ်

(၂ )ပြည်တွင်းပြည်ပကပြည်သူတွေ

( ၃ )စစ်တပ်ထဲကို ပေးရမယ်။

အဲဒီ ၃ သုံးခုကို NUG ဘာပြောရမှာလဲ ။ ဒါလာပြီ ။နိုင်ငံတကာ နဲ့တွေ့တိုင်းမှာ အဖွဲ့အစည်း တွေအများ ကြီး ပဲလို့ အမြဲတမ်းပြောလိမ့်မယ်။ ဝန်ခံပါတယ် ။များမှာပေါ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် စနစ်အောက် ကနေပြီးတော့ ရရာနည်းနဲ့ဖွဲ့ပြီးတော့ ပြန်တိုက်ကြရတာကိုး။

သေချာစဉ်းစားကြည့်လေ ဒီမိုကရေစီနဲ့လူ့ အခွင့် အရေးပြည့်ဝနေတဲ့တိုင်းပြည်မှာတော့ ဒီလိုဖြစ်စရာ ဘယ်ရှိလိမ့်မလဲ။ အခုက အဖွဲ့အစည်းတွေက များတယ်။ များသော်လည်း တစ်သံတည်းပဲ၊ တစ်လမ်းတည်းပဲ။ ဒါဖြစ်ရမယ်ဆိုတာ လုပ်တယ်။ အဖွဲ့အစုံ နဲ့တော်တော် များများတွေ့တဲ့ အခါတိုင်း သတင်းတင်တာရှိတယ်၊ မတင်တာရှိတယ်။ အဲဒါတွေအကုန်လုံးက တစ်သံတည်း တစ်လမ်းတည်းဖြစ်အောင် လုပ်နေတာပဲ။ ဆိုတော့ ဒါကိုပဲ Common Ground လို့ခေါ်ကြတာပေါ့နော်။

တစ်သံတည်း တစ်လမ်းတည်း ဆိုပေမယ့်လည်း အလုပ်က နှစ်မျိုးပဲ ရှိတယ်။ငြင်းပယ်တဲ့အလုပ်နဲ့ ကိုယ်တိုင် လုပ်ပြတဲ့အလုပ် ၊။ငြင်းပယ်တဲ့အလုပ်က ဘာလဲဆိုတော့ စစ်အာဏာရှင် ၊ဒီနေရာမှာ စစ်အာဏာရှင်ကိုပြောတာနော်၊ လူပုဂ္ဂိုလ် အင်စတီကျူးရှင်းကို ပြောတာမဟုတ်ဘူးနော်၊ စနစ်ကိုပြောတာ။

စစ်အာဏာရှင် စနစ် ထွက်ပေါက် သက်ဆိုးရှည်အောင် ထွက်ပေါက် ရှာမှာမျိုး ကို ခွင့်မပြုဘူး။ လုံးဝသဘောမတူဘူး။ ဒါကျနော်တို့ ဒီဘက် က တစ်ခုလုံးက အဲဒါပဲ။ စနစ်ဆိုးကိုထွက်ပေါက် ပေးရမယ်ဆိုရင်တော့ ဒီဘက် Side မဟုတ်ဘူးဗျာ။ အဲဒါကို ကျနော် ရှင်းရှင်း ပြောချင်တာ။

မဟုတ်သေးဘူးကွာ။ ငါတို့ တတိယအုပ်စုရှိ တယ်ဆိုရင် အဲဒါ ပြည်သူလူထုက ဆုံးဖြတ်လိမ့်မယ်။ အဓိက ကျတဲ့ တော်လှန်ရေးအင်အားစုတွေက ဒါကိုလုံးဝ ငြင်းပယ်တယ်။ သူတို့လုပ်မယ့် ညောင်နှစ်ပင်တို့ ရွေးကောက် ပွဲတို့ ။ ဒါရိုးရိုးလေးကို ပြောတာ။

အဲဒီနည်းနဲ့ ထွက်ပေါက်ရှာပြီးတော့ ရာသက်ပန် ယူမယ်ဆိုတာမျိုးကိုမရဘူး၊ လုံးဝမရဘူး ။ ကျနော်တို့က စစ်အာဏာရှင်စနစ်ကို လုံးဝသက်ဆိုးရှည်ခွင့် မပေးတော့ဘူး။ ဒါကငြင်းပယ်တဲ့အပိုင်း။

ဒါဆို မေးလို့ရပြီလေ။ ခင်ဗျားတို့ဘက်က Alternative ရွေးချယ်စရာ ဘာရှိလဲ။ ရှိတယ်။ ကျနော်တို့ ပြည်သူ့ ညီလာခံတွေ တလျှောက်လုံး တင်ပြခဲ့ပြီးပြီ။ ကျနော်တို့မှာ လမ်းပြမြေပုံ Road Map ရှိတယ်လေ။ အဲဒီကနေပြီးတော့ အသွင်ကူးပြောင်းရေး ကာလ အခြေခံဥပဒေ ဖြစ်ပြီးတော့ အဲဒီကနေပြီးတော့ ပန်းတိုင် ရောက်အောင်သွားမှာ။ ဒါကျနော်တို့ရဲ့ Mainstream ပဲ။ ဒါကို အပျက်အစီး လုံးဝမခံဘူး။ ကမ္ဘာပေါ်က မြစ်ကြီးတိုင်းဟာ မြစ်လက်တက်တွေ မြစ်ခွဲတွေ ရှိပေမယ့် သူ့ဘာသာသူ ပင်လယ်ထဲ ရောက်အောင် စီးတယ်။

ဒါကို ကျနော်ပြောတာ။ အဲဒါကို Clear Message ပေးရမယ်။ နိုင်ငံတကာကိုပေးရမယ်။ ပြည်သူ လူထုကို ပေးရမယ် ။ ပြည်သူ လူထု ကလည်း များများ ရှုပ်ရှုပ် ထွေးထွေး မကြိုက်ဘူး။ သူ့ကိုရှင်းအောင်ပြော ပြီးရင် သူကိုဘာလုပ်ရမှာလဲ ၊ ဘာမလုပ်ရဘူးလဲ ရှင်းအောင်ပြော ။ဒါတာဝန်ယူထားတဲ့သူတွေရဲ့ တာဝန် ၊သူတို့ဟာကို ငြင်းမယ်၊ ကျနော်တို့ ပန်းတိုင်ကို ရအောင်သွားမယ်ဒါပဲ။

နောက် ကျန်တဲ့တစ်ချက်ဖြစ်တဲ့ စစ်တပ်ထဲကို ကြည့်ရင် တပ်ထဲမှာလည်း တိုက်သာ တိုက်နေရတာ အရင်လို မချောင်တော့ဘူး ဆိုတာသူတို့ သိတယ်။ သူတို့ခေတ်ကောင်းကြီး မဟုတ်တော့ဘူး။ တစ်သက် တာမှာ ပြည်သူ လူထုရဲ့ ဆန့်ကျင်မှု ဒီလောက် တစ်ခါမှ မခံရဘူး။

ကျနော်တို့ မမွေးခင် ခေတ်တွေတုန်းက အင်းစိန်အထိ သိမ်းနိုင်တာကို စစ်တပ်က ပြန်တိုက်နိုင်တယ် ဆိုတာမျိုး မပြောနဲ့ ။ ဖြတ် မပြောနဲ့။ အဲဒီတုန်းက ပြည်သူလူထုရဲ့ ထောက်ခံမှုက ဘာလဲ။ ပြည်သူတစ်ရပ်လုံး အခုလို ဆန့်ကျင်လား၊ ဆန့်ကျင်တယ်ဆိုရင် ခင်ဗျား ဒီအချိန်မှာ စစ်အာဏာရှင်စနစ်ဆိုး ကျန်တောင် မကျန်ဘူး။ အဓိက က ပြည်သူလူထုပဲဗျ။

ကမ္ဘာမှာ ရှိခဲ့တဲ့စစ်ပွဲတွေ အားလုံးကို ပြန်ကြည့်လိုက် ပြည်သူ လူထုပါ တဲ့ဘက်ကနိုင်တာပဲ။ သားစဉ် မြေးဆက် အမုန်းတော်ခံဘဝနဲ့ တော့ သူတို့ လက်မခံဘူး။ အဲဒါကို စစ်ကောင်စီ က ပေါ်လစီ က ဘာလဲဆိုတော့ မင်းတို့ ခဏလေးပါကွာ လပိုင်းပဲကျန်တော့တယ်။ အဲဒါပြီးရင် ထွက်ပေါက် ရသွားရင် မင်းတို့အရင်လို အေးဆေး ပါကွာ သာသာယာယာပါ ဆိုတဲ့ ချွေးသိပ်စကားဟာ မဟုတ်ဘူးဆိုပြီး သိသွားတဲ့နေ့ ကစပြီး စစ်တပ်ထဲမှာ ပြဿနာ အဆမတန်ကြီးပြီမှတ်။ သူ တို့မှာ ခံနိုင်ရည်စွမ်း ကုန်ပြီလေ။

အကန့်အသတ်မဲ့တော့ သူတို့မတိုက်နိုင်ဘူး။ နေ့စဉ်တပ်ထဲက ထွက်လိုက်တာ နဲ့ ရှေ့တန်း ရောက်နေတယ်လေ။ နောက်တန်းဆိုတာမရှိတော့ဘူး။ ဒီဘဝကြီးမှာ ဘယ်သူမှမနေနိုင်ဘူး။ နောက်တစ်ခုက အမုန်းတော်ခံဘဝ တခါမှ မကြုံဖူးသေးဘူး။ အဲဒီတော့ ကျနော်ပြောချင်တာက နယ်ပယ် ၃ ခုလုံး ကို Clear Message ပေးရမယ်။ ဒါပါပဲ။

မေး။ ။ လက်ရှိ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်အနေအထား သူတို့ရဲ့သွားပုံလာပုံ လုပ်ကိုင်နေတာတွေကို ဘယ်လိုသုံးသပ်လို့ရမလဲ။

ဖြေ။ ။ နှစ်ပိုင်းပဲကြည့်မယ်။ ခြယ်လှယ်နေတဲ့သူနဲ့ အသုံးတော်ခံတဲ့သူနှစ်မျိုး ပဲရှိတာပေါ့။သူတို့ အင်စတီကျူးရှင်းမှာ အခြယ်အလှယ်ခံနေရသူတွေကပဲ စဉ်းစားရမှာ။ ဟိုလူတွေကတော့ ပြည်သူကို သစ္စာဖောက်ပြီးတော့ အာဏာသိမ်းပြီးပြီ။ ဒါကလမ်းဆုံးသွားပြီ ။

သူတို့ကတော့ သေမထူး နေမထူးစိတ်မျိုးနဲ့ မိုက်ရူးရဲ ဆက်လုပ်မယ်။ အရှက်ပြေ ရမ်းမှာပဲ။ ဒါကြီးကို တနေ့ကောင်းလာနိုးဆိုပြီး ဘယ်သူမှမမျှော်လင့်သင့်ဘူး။ ဒါကသဘောတရား။ အသုံးတော်ခံနေတဲ့သူတွေဘက်က စဉ်းစားရမှာက သူတို့အတွက် တကယ်ထွက်ပေါက်အစစ်ကဘာလဲ။

ပြောချင်တာကတော့ နိုင်ငံရေးအရတင်မကဘူး နိုင်ခြင်း ရှုံးခြင်း တစ်ခုတည်းတင်မကဘူး။သူတို့ရဲ့သားစဉ် မြေးဆက် အနာဂတ်ဘဝကို စဉ်းစားရင် ပြည်သူ့ဘက်ကပါမလား အာဏာရှင်နဲ့ပဲအတူမြှုပ်မလားဆိုတာကို တကယ်စဉ်းစားရမှာ ။

ဒါပေမယ့်သူတို့မှာလည်း စိတ်သွားတိုင်း ကိုယ်ပါ တာမဟုတ်ဘူး။ ဒါတော်တော်ရှင်းတယ်။ အခြေအနေတစ်ခုမှာ ဝုန်းကနဲထရပ်မယ့် သူတွေကတော့ တော်တော်ရှိတယ်။ ဘာလို့လဲဆိုတော့ နေ့စဉ်သူတို့ရဲ့စကားဝိုင်းတွေမှာ ဒီဘက်ကလှုပ်ရှားမှုတွေကို မကြည့်ရရင်လည်း မနေနိုင်ဘူး။ သူတို့လိုက်ကြည့်တာပဲ ပြီးတဲ့အခါကျရင် ဘယ်သူကိုဆဲလဲ အဲဒါသိပ် အရေးကြီးတယ်။

သူတို့ဘယ်သူကို ကျိန်ဆဲနေလဲ။ နှစ်ယောက်လောက်ပဲရှိတယ်။ ဒီဘက်က တော်လှန်ရေး သမားတွေကို မဟုတ်ဘူး။ သူတို့မသိတာလည်း မဟုတ်ဘူး သိလည်းသိတယ်။ ကျင့်လို့မရဘူး။ ပြဿနာက ကျင့်လို့မရတဲ့ ပြဿနာ။ သူတို့ဟာ လမ်းမှားနေတယ်ဆိုတာကို ရတဲ့နည်းနဲ့ ပြရမယ်။ သူတို့အင်စတီကျူးရှင်းကို တကယ်ချစ်တယ် ဆိုရင် အမှားဦးဆောင်နေတဲ့သူတွေကို ငြင်းပယ်ရဲရမယ်။

မေး။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ ပေပတ်လည်အ ကျဉ်းတိုက် ထဲဆွဲထည့်တယ်။ နောက်ပြီး ထင်ရှားတဲ့ ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ သတ်ဖို့ ကြိုးမိန့်ပေးတာတွေ လုပ်လာတယ်။ ဘာလို့ ဒီလိုမျိုးတွေ သူတို့လုပ်နေလဲ။

ဖြေ။ ။ ခပ်တိုတိုပဲဖြေပါရစေ တကယ်ကလူဟာ ကိုယ့် Psycho အတိုင်း လုပ်ကြတာပါပဲ။ သူတို့ Psychology က အကြောက်တရားပဲ သိတယ်။သူတို့က ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု မေတ္တာတို့ တလျောက်လုံး မရဘူးဗျ။

မရတော့ သူတို့က အင်အားနဲ့ပဲ စဉ်းစားတတ်တယ်။ အင်အားကြီးတဲ့သူက အင်အားနည်း နဲ့တဲ့သူကို အနိုင် ကျင့်မယ်။ ကြောက်သွားအောင်လုပ်မယ်။ အဲဒါကြောင့် သူတို့က ငယ်နိုင်ကိုမွေးခဲ့ရတာ သူတို့ရဲ့ ဗိုလ် သင်တန်းကျောင်းတွေမှာက အစ စီနီယာက ဂျူနီယာကို နိုင်တယ်ဆိုတာက အကြောက်တရားနဲ့ ဆိုတော့ အဲဒါကိုပဲပြန်ပြီးတော့ သုံးတာ သူရဲ့ ပြည်သူ့အပေါ်ကိုရောပြိုင်ဘက်အပေါ်ကိုရော သူတို့တွေးနေ တာအဲဒီလိုပဲဗျ။ ဆိုတော့အကြောက်တရားပေးတာ ။

သူကိုယ်တိုင်သိတာကလည်းကြောက်ဖို့ပဲသိတာ။ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ကြောက်တယ်ဆိုတဲ့ ခေတ်ကုန်သွားပြီလေ။ နောက်မျိုးဆက် ကိုယ်တိုင် ကြွေးကြော် ထားတာပါ။ကြောက်ခေတ်ကိုမှောက်ပစ် ဆိုတာမျိုးဆက်ရဲ့ ကြွေးကြော်သံပေါ့ ။

မေး။ ။ တော်လှန်ရေး တစ်နှစ်ခွဲတာကာလမှာ ထင်သာမြင်သာရှိတဲ့အောင်မြင်မှုက ဘယ်အထိခရီးရောက်နေပြီလဲ။

ဖြေ။ ။ လူတွေကနှိုင်းတယ်ဗျ။ ယခင်အရေးတော်ပုံတွေလို နေဝင်သွားမလားဆိုပြီး မေးခွန်းတွေရှိတယ်။ ဒါကိုကျနော်နားလည်ပါတယ်။ တချို့လည်း အဲဒီအပေါ် သံယောင်လိုက်ဝါဒဖြန့်နေကြတယ်။

ဘယ်တုန်းကမှ အပြီးသတ်မရောက်ခဲ့ဘူးပေါ့ဗျာ။ အဲဒါကိုပဲစကားလုံးသုံးစွဲမှုနဲ့ အနှစ်သာရကို ကြည့်စေချင်တယ်။ ရှုံးခဲ့တယ်ဆိုတာ မဟုတ်ဘူးဗျ။ အဲဒါကို လုံးဝကျနော်လက်မခံဘူး။ ဘာဖြစ်လို့လဲ။

သေချာစဉ်းစားကြည့်လေ ၁၉၆၂ စစ်အာဏာ စသိမ်းကတည်းက တော်လှန်ခဲ့ကြတယ်။ 7 July စဖြစ်တယ်။အဲဒါတွေ တစ်ခုမှ နေဝင်သွားတာ မဟုတ်ဘူးနော်။ လက်ဆင့်ကမ်းသွားတာ။ ၆၂ ကနေ မပြီးဘူး၊ ၇၄ ဦးသန့်အရေးတော်ပုံ ပြီးတော့ ၇၅ ပြီးတော့ မှိုင်းရာပြည့် အဲဒီလိုလက်ဆင့်ကမ်းတယ်။ ၈၈ ဗျာ၊ ရွှေဝါရောင်ဗျာလက်ဆင့်ကမ်း ခဲ့တာ။ လက်ဆင့်ကမ်းပြေးလာတာဗျ။ ဒီတစ်ခါပန်းဝင်ပြီ။ အဲဒါကိုမြင်ဖို့လိုတယ်။

လိုရာဆွဲ ပြောသလားလို့ မေးစရာရှိတယ်။ ဦးနုလက်ထက်ကလည်း အစိုးရဖွဲ့ပြီး ပြန်တိုက်ခဲ့တယ် ကြားထဲမှာလည်း ၈၈ ပြီးတော့ လုပ်ခဲ့တာတွေရှိတယ်။ အခုကအဲဒီလိုမဟုတ်ဘူး။ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေက ပြည်တွင်းမှာ ရှိတယ်။

နိုင်ငံတကာလှည့်တဲ့သူက လှည့်နေတယ် ပြည်တွင်းမှာလည်း သူ့တပ်တွေရှိတယ် စိုးမိုးနယ်မြေ တွေရှိတယ်။ သိမ်းပိုက်ထားတဲ့နယ်မြေတွေရှိတယ်။ လှုပ်ရှားနေတဲ့နယ်မြေတွေရှိတယ်။ ပြီးတော့ တစ်ဖွဲ့တည်းမဟုတ်ဘူး။ မဟာမိတ်တပ်ပေါင်းစု ၊တိုင်းရင်းသားမဟာမိတ်အင်အားစု တွေရှိတယ်။

အဲဒါတွေအကုန်လုံးကတချိန်မှာ ကျနော်တို့ဘက်က ဘာတွေပြနိုင်ဖို့ လိုသလဲဆိုတော့ မြေပုံတွေ ဓာတ်ပုံတွေ ထင်ရှားတဲ့ သက်သေအထောက်အထားတွေ ပြနိုင်ဖို့ လိုတယ်။ ဥပမာပြောပြမယ် NUG အစိုးရမှာ ကမ္ဘာကြီးကဘယ်လို ဆက်ဆံသလဲဆိုတာကြည့်လိုက် အပေါင်းလက္ခဏာ တက်လာတာကြီးပဲနော်။

ပို၍ပို၍ လက်ခံလာတယ်။ ပူးပေါင်းဆောင်ရွက်လာတယ်။အနုတ်ဆိုတာလုံးဝမရှိဘူး ကျနော်တို့ဘက်မှာ နောက်ထပ်လို အပ်တဲ့ ကိရိယာတွေသာရဦးမယ်ဆိုရင် လက်ထဲရောက်လာမယ်ဆိုရင် ထပ်တိုးဦးမယ့်အင်အားစုကြီးကရှိတယ်။ အကန့်အသတ်မဲ့လောက်အောင် များတယ်။ တော်လှန်ရေးအင်အားစု စိုးမိုးထားနိုင်တဲ့နယ်မြေတွေမှာ လုပ်နိုင်စွမ်းတွေကိုကြည့် အခုဆိုရင် ပြည်နယ်တွေမှာ အတိုင်ပင်ခံကောင်စီတွေဖွဲ့ထားပြီးပြီ။

အဲဒါတွေနဲ့ ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးရေးအကုန်လုံးဗျာ ကာကွယ်ရေး ပါ။အစိုးရဆိုတော့ ၃ခုပေါ့ဗျ။တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာက အစ ။ ဥပဒေပြုအာဏာဆိုရင် CRPHရှိတယ်။ NUCC ရှိတယ်။ ဒါလူတိုင်းသိတယ်။ ဒီကနေသွားလို့ရတယ်။

အုပ်ချုပ်ရေးအာဏာမှာဆိုရင် ပအဖ ရှိ တယ်။ ပြည်သူ့ကာကွယ်ရေးရှိတယ်၊ပြီးတဲ့အခါကြတော့ ပြည်နယ်အလိုက်ကောင်စီတွေရှိတယ်။ တရားစီရင်ရေးထိ ဆောင်ရွက်နေပြီ။ ဒါတွေဆက်သွားနေတာ ဒီထက်ထင်သာမြင်သာရှိဖို့တော့လိုတယ်။ အဲဒါတွေက နောက်ဆုတ်သွားဖို့တော့ မရှိဘူး။ ကျနော်တို့က ပန်းဝင်မှာဖြစ်တယ်။ နေဝင်မှာမဟုတ်ဘူးဗျ။

အဲဒါကိုမြင်သွား ပြီဆိုတဲ့အခါကျတော့ ဘယ်လောက်ရာခိုင်နှုန်းလဲတို့ ဘယ်နားထိရောက်သွားပြီလဲဆိုတဲ့ဟာတွေဆက်ပြီးတော့ ပွင့်ပြီးမြင်သွားလိမ့်မယ်။ ဒီခေတ်လောက် ပေါင်းစည်းအားတွေ စုံတာမရှိတော့ဘူး။ မျိုးဆက်ဟောင်းတွေက နယ်ပယ်အသီးသီးမှာ တစ်စုံတစ်ရာဖြစ်နေပြီ။

တို့တွေက နယ်ပယ်အသီးသီးမှာရောက်နေပြီဆိုတာ ထင်ရှားနေပြီ အဲလိုပဲပညာရှင်တွေဟာအသီးသီးနယ်ပယ်မှာ နိုင်ငံတကာတွေနဲ့ချိတ်ဆက်ထားတာတွေရှိတယ်။ ဘယ်နိုင်ငံမှာ NUG ရုံးဖွင့်ပြန်ပြီ ဘယ်မှာဖွင့်ပြန်ပြီဆိုပြီးတော့ အဆင်သင့် ရှိလာတယ်ဆိုတာက မျိုးဆက်ပေါင်းစုံက ပညာပေါင်းစုံသင် ဓနပေါင်းစုံရှာပြီးတော့ အဆင်သင့်ရှိပေးနေတာ ။

အဲတော့ နောက်ဆုံးမျိုးဆက်နဲ့ ချိတ်ပြီးတော့ ပေါင်းလိုက်တာ။ဒါကြောင့်မို့လို့ ဘယ်နေရာရောက်နေတယ်ဆိုတာ ကိုယ်တိုင်မှန်းဆလို့ရနေမယ်။

ကျနော် နမူနာတစ်ခုပဲပြောမယ် အမေရိကန်လိုနိုင်ငံမျိုးက တက္ကသိုလ်တွေကနေပြီးတော့ NUG ရဲ့ ပညာ ရေး ဝန်ကြီးဌာနနဲ့ချိတ်ပြီးတော့ ပညာတော်သင်ခေါ်နေတာတွေရှိနေပြီလေ။ ဟိုနေ့ကပဲ တစ်ပတ်စဉ်ကို ၃၇ ယောက်ခေါ်တယ်။ ဒါကျနော်တစ်ပတ်တည်းကိုပြောတာနော်။ အဲဒီလိုမျိုး အလားတူအောင်မြင်မှုတွေရှိတယ်။ ဒါပညာရေးကိုပဲပြောတာ။ စစ်ရေး မပြောသေးဘူး ပြည်ထဲရေး မပြောသေးဘူး။ အများကြီးပေါ့ အဲဒါမျိုးနမူနာ တွေတော့ရှိပါတယ်။

မေး။ ။ တိုင်းရင်းသားတွေနဲ့ပေါင်းစည်းတဲ့အနေအထားကရော ဘယ်လိုမြင်လဲ။အခုဆိုရင် မင်းအောင် လှိုင်နဲ့သွား တွေ့တဲ့တိုင်းရင်းသားအဖွဲ့တွေလည်းရှိတယ်။ NUG နဲ့ အတူ ရပ်တည်နေတဲ့ တိုင်းရင်းသားတွေလည်းရှိတယ်။ ဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ ကျနော်တို့က နောက်ခံအင်အား သမိုင်းအစဉ်အလာကြည့်ရလိမ့်မယ် ပြည်သူလူထု ဘယ်လောက် ကို ကိုယ်စားပြုထားလဲဆိုတာ ဒါကတော့ ထည့်မမေးလို့ မရဘူးဗျ။ ဥပမာ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုက သောင်ပြိုကမ်းပြို မဲပေးလိုက်တဲ့ ပါတီတစ်ခုရှိတယ်။

အဲဒီတော့ တစ်မဲမှ မရတဲ့ ခွက်ခွက်လန်ရှုံးတဲ့ ပါတီပေါင်းများ စွာရှိတယ်လို့ ထားလိုက်။ဘယ်နိုင်ငံဖြစ်ဖြစ်နော်။ ကျနော်တို့ အဲဒါဆိုရင် ဘယ်သူကို အဓိကထားစကားပြောရမလဲ။ ကျနော်ပြောတာ အဓိကနဲ့ သာမည ကိုပြောတာနော်။

လူနည်းစုရဲ့ ဆန္ဒကို လေးစားရမယ်တို့ အသံကို နားထောင် ရမယ်တို့ ဒါတွေကရှင်းပြီးသား ။တကယ်အဆုံးအဖြတ်ပေးကြပြီဆိုတဲ့အခါမှာ ခုနကလို ပါတီ အရေအတွက် မဟုတ်တော့ဘူး။ အဖွဲ့အစည်းအရေ အတွက်မဟုတ်တော့ဘူးဗျ။ ကိုယ်စားပြုမှုဗျ ။ ကိုယ်စားပြုမှုမှာပဲ။ တစ်ရာရှိတဲ့နေရာမှာ တစ်ရာလုံးကို ကိုယ်စား ပြုတယ်ဆိုတာ ဘယ်မှာမှမရှိဘူး။

ဒါပေမယ့် အများစုကိုယ်စားပြုတာ ဘယ်သူတွေလဲ တကယ်လက်တွေ့နယ်ပယ်တွေမှာ စိုးမိုးထားတာ ဘယ်သူတွေလဲ။ ပြောရရင်တော့ဗျာ ကျနော်တို့ သေချာကြည့်ရမှာက ခုနက တိုင်းရင်းသားအင်အားစုတွေအပါအဝင် နိုင်ငံရေးပါတီထဲမှာလည်းဒါကိုပဲကြည့်။ Legitimacy ကဘယ်မှာရှိလဲ လက်တွေ့ de facto အရာမျိုးရော တရားဝင်ဖြစ်မှုရော မြေပြင်မှာ စိုးမိုးထား နိုင်ပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုရှိနေတာကရော ဘယ်သူလဲ။ အဲဒါကိုသာကြည့်ပါ။

အာဏာရှင် တိုင်းပြည်တွေမှာ ထုံးစံအတိုင်း လိုအပ်ရင်မွေးထားပြီးတော့ အရေးကြုံရင် ထုတ်သုံးတာ တွေက ရှိပါတယ်။ ချွတ်ယွင်းချက် သဘောတွေကတော့ တိုင်းရင်းသားတွေထဲမှာတော့ ရှိပါတယ်။အကြောင်းအကြောင်းသော အကြောင်းကြောင်းကြောင့် လှည့်ရပါတယ်ဆိုတော့ လူတွေလည်း ရှိနေကြတာပဲ။ဒါကောင့်မိုလို့ အသေးစိတ်ကျနော်မပြောလိုဘူး။

မေး။ ။ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်ကာလလောက်မှာ ပေါ်လာနိုင်လဲ။

ဖြေ။ ။ ကျနော်အချိန်ကာလ ဆိုတာထက် ဗျူဟာသဘော ကိုပဲတည့်တည့်ပြော ချင်ပါတယ်။ဘယ်သောအခါမှ ကျနော်တို့က နိုင်ငံရေးမှာ အပြုခံရသူမဖြစ်ရဘူး။ ပြုသူပဲဖြစ်ရမယ်။ လက်ဦးတဲ့သူတွေပဲဖြစ်ရမယ်။

မဟုတ်ရင် အာဏာရှင်တွေရဲ့ သဘောက သူကိုရင်ဆိုင်တိုက်နဲ့အဖွဲ့အစည်းတွေကို ကွဲပြားအောင်လိုအမြဲ တမ်း ဇဝေဇဝါ ဖြစ်သွားလောက်တဲ့ ဈေးဖျက်ခေါ်တာမျိုးလုပ်တတ်တယ်။ ရသင့်ရထိုက်တဲ့ ၁၀၀ မှာ ၆၀ တို့၆၅ တို့ပေးလိုက်ရင် ကွဲတတ်တယ်။ ဒါမျိုးအဖြစ်ခံလို့မရဘူး။

ဒါက သိပ်အရေးကြီးတယ်။ အဲဒီမှာသွားပြီးတော့ တွေဝေကြမယ်၊ ယိမ်းယိုင်ကြမယ် သို့တည်းမဟုတ် ကွဲပြားကြမယ်ဆိုတာမရဘူး။ ကျနော်တို့ဘက်ကအကုန်လုံး ကိုယ့်လမ်းစဉ် ကိုယ်ရှိတယ်ဆို တာပြောရမယ်။

ဒီလမ်းစဉ်မှာလာပေါင်းကြ ဘယ်အင်စတီကျူးရှင်းဖြစ်ဖြစ်ဒီလမ်းစဉ်ထဲမှာ ပါလို့ရတယ်။ ဆိုလိုတာက အနာဂတ်မှာ စစ်တပ်ဟာ အာဏာမှာလုံးဝမပတ်သက်ရဘူး။ ရှင်းရှင်းလေးပဲ အာဏာလိုချင်ရင် စစ်တပ်အဝတ်လဲ ရွေးကောက်ပွဲပြိုင် ဒါပဲ အဲဒီအချက်ကိုအခြေခံပြီးသဘောတူပြီးတော့ သွားနေကြတယ်။

ပြီးတော့ဖက်ဒရယ်ဖြစ်ရမယ်။ ဒီမိုကရေစီကတော့ အခုနက သဘောတိုင်းပဲ။ ဒီအခြေခံနဲ့သွားနေတဲ့အပေါ်မှာ ဝင်ပါချင်ပါ။ ဘယ်အင်စတီကျူးရှင်း မဆိုလာပေါင်းလို့ရတယ်။

အဲဒီတော့ သူခေါ်တဲ့ဈေးတွေအပေါ် နည်းတယ် များတယ် လိုက်ပြီးငြင်းခုံတာတွေ ရှိမနေရဘူး။ ကျနော်တို့ မကွဲရဘူး။ ကျနော်တို့သည် ကျနော်တို့သွားမယ့် လမ်းစဉ်ကို ကြေညာနိုင်ရမယ်။ ဒါကြောင့်မို့လို့ မြန်နိုင်သမျှ မြန်ရမယ်။တိုတောင်းတဲ့လပိုင်းအတွင်းမှာ ပြီးရမယ်။ ဒါကိုကျနော်တို့ အားထုတ်ရမယ်။

မေး။ ။ ပြည်သူတွေက ရှေ့ဆက်သွားမယ့် တော်လှန်ရေးအတွက် ဘာတွေ ပြင်ရမလဲ။

ဖြေ။ ။ ဦးဆောင်တာန်ခံတဲ့သူတွေက ပြည်သူကို ရှင်းလင်းတဲ့ မက်ဆေ့ပေးရမယ်။ သူတို့မှာ တာဝန်ရှိတယ်။ ပြည်သူလူထုကတော့ဗျာ နိုင်ငံရေးဝေါဟာရတွေနဲ့ ပြောချင်မှပြောလိမ့်မယ်။ ဒါပေမယ့် Common Sense တော့ ပြည်သူလူထုကပဲ အသိဆုံးပဲ။

ကျနော်တို့က ရှင်းအောင်ပြောရမယ်ဆိုရင် စစ်တပ်က မျက်စပစ် လာမယ့် ခြေထောက်ထိုးခံမယ့် သို့တည်း မဟုတ် တွေဝေယိမ်းယိုင်အောင်လုပ်မယ့် အရာတွေအားလုံးကို ငြင်းပယ်ဆိုပြီး ဒီလိုရှင်းပြနိုင်ရမယ်။

ပြီးတော့မှာ ဟောဒီမှာ အားလုံး ညီတူ ညာတူ ပြည်ထောင်စုသားတွေ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်းပဲအတူလိုက်ပါမှာ ၊ ဒါဆိုပြီးပြီ။ ပြည်သူအနေနဲ့ ဟိုဟာကိုငြင်းရမယ်၊ ဒီဟာကိုလိုက်ရမယ်ဆိုတာကို ရှင်းပြရမယ်။ အဲဒီအချိန်မှတွေဝေပြီး ပြန်စဉ်းစားရမယ်ဆိုပြီး လုပ်လို့မရဘူး ပြည်သူလိုချင်တယ်ဆိုတာ ရှင်းပြတ်တဲ့ သတင်းစကားကိုလိုချင်တာ။

အဲဒီတော့ လမ်းစဉ်ရှိတယ်။ ပင်မရေစီးကြောင်း အဲဒါကိုလာပြီး ကွေ့အောင်ကောက် အောင်မလုပ်နဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်မင်းမဟာတွေက အဲဒီလိုကောက်ကွေ့အောင် လုပ်တဲ့ဟာတွေကို မြစ်ကျိုးအင်း အဖြစ် ဖြတ်ချလိုက်ပြီးတော့ ကိုယ်နည်းနဲ့ကိုယ်သွားတာ။ ပြည်သူကို အဲဒီစိတ်သာပေး ပြည်သူကရှင်းရင်လိုက်မှာပဲ။

မေး။ ။ ပြည်သူလူထုကို ကိုမင်းကိုနိုင်အနေနဲ့ ပြောချင်တဲ့သတင်းစကားနဲ့ အသိပေးချင်တဲ့ Message ရှိလား။

ဖြေ။ ။ လူတွေက လုပ်အားတန်ဖိုးရှိတယ်။ အဲဒါတွေကို ထုတ်သုံးကြဖို့ လိုတယ်။ အခုစကားပြောနေတဲ့ သူနှစ်ဦး မှာတောင် လုပ်အားတွေ တန်ဖိုးတွေမတူကြဘူး ။ ခင်ဗျားလုပ်တဲ့ဟာတွေ ကျနော်မလုပ်တတ်ဘူးဗျာ။ ခင်ဗျားရထားတဲ့ ယုံကြည်မှုမျိုး ကျနော် မီဒီယာထောင်ရင် ရချင်မှရမယ်။ ဒါကနံပါတ်တစ်ဗျ၊

လူတွေအခုလုပ်နေ ရတာတွေ ဘာနဲ့လုပ်နေကြတာလဲ ယုံကြည်မှုနဲ့လုပ်နေကြတာ။ မယုံကြည်တဲ့သူကို ပိုက်ဆံလည်း မလှူဘူးဗျာ။ ခင်ဗျားမီဒီယာကို လာလည်းမကြည့်ဘူးဗျာ ဒါပဲ။ ရထားတဲ့ဘွဲ့လက်မှတ်တွေကလည်း ဒီနေရာမှာ အဆုံးအဖြတ်ပေး တာမဟုတ်ဘူးဗျ။

ကောက်ကွေ့နေတာကို ပြည်သူလူထုက လက်မခံဘူးဗျ၊ နံပါတ်တစ်က ပြည်သူလူထုက ယုံကြည်မှုနဲ့သာ အလုပ်လုပ်လို့ရမယ်။ ယုံကြည်မှုနဲ့ပေါင်း ကြတဲ့နေရာမှာ ဘယ် ဟာက ပိုလာလည်းဆိုတော့ ဉာဏ်ပညာပါထပ်ပေါင်းလာတယ်။

သစ္စာရှိတိုင်းလည်း ကိစ္စမပြီးသေးဘူးလေ။ ဉာဏ်ပညာနဲ့ပတ်သက်လာရင် ကျနော်တို့ ကမ္ဘာတစ်ဝန်းမှာရောက်နေတဲ့ ကျနော်တို့ပြည်သူတွေက လေ့လာ ဆည်းပူးထားတာတွေရော ခြေတံလက်တံတွေရော အများကြီးရှိတယ်။

နောက်တစ်ခုအရေးကြီးတာက မျိုးဆက်အသီးသီး ကျကျနန ချိတ်ဆက်တာ မျိုးဆက်တွေရဲ့သဘောက တော့ အားနည်းချက်အားသာချက် ကိုယ်စီရှိပါတယ်။ ဒါပေမယ့်ကိုယ်တာဝန်ကိုယ်ခွဲဝေမှုမှာ ကျကျနနဖြစ်သွားဖို့လိုတယ်။ ပြောချင်တာက ဒီကနေ့ လူငယ်တွေ တီထွင်ဆန်းသစ်တဲ့ ရန်ပုံငွေရှာနည်းတွေ ကျနော်တို့ ခေတ်ဟောင်းက လုံးဝမရဘူး။

ဘာလို့လဲဆိုရင် ကျနော်တို့က စက်မှုခေတ်ကနေ ဖြတ်သန်းလာတဲ့ မျိုးဆက်လေဗျာ။ ဒီဘက်ခေတ်ကြတော့ နည်းပညာခေတ် လုံးဝ ကွဲသွားပြီ။ ကျနော်တို့ခင်ဗျားတို့ စဉ်းစားလိုက်ရင် အမြဲတမ်း စက်ပင်နံယံတွေနဲ့စဉ်းစားချက်။ ယန္တရားတွေနဲ့ ပဲစဉ်းစားတာ။ အခု မျိုးဆက်သစ် သူတို့က ဆားကစ်တွေနဲ့စဉ်းစားတယ်၊ အီလက်ထရောနစ် အမှုန်တွေနဲ့စဉ်းစားတယ်။

အဲလိုမျိုး နားလည်သွားပြီဆိုရင် ကျနော်တို့က လှလှပပချိတ်ဆက်လို့ရပြီ။နောက်တစ်ခုကတော့ ဘာလဲဆိုတော့ အချင်းချင်းကွဲကြောင်း မရှာပါနဲ့။ ရန်သူ့ အက်ကွဲကြောင်းကို သာရှာပါ။ ဒါကတော့ ကျနော်တည့်တည့်ပြောလိုက်မယ်။ ရန်သူဆိုတာ တစ်မျိုးသားလုံးကို ဒုက္ခပေးနေတာ။ လူမဆန်တဲ့ စနစ်ဆိုးကို ကျနော်ပြောနေတာ။

အချင်ချင်းတော့နားလည်မှုနဲ့ အကာအကွယ်နဲ့သွားရမှာပဲ။ခေတ်စကားနဲ့ပြောရရင် အချိန်တန်ရင် ဘောက်ချာ စုတ်ဖို့ ကိစ္စကို ကျနော်မငြင်းဘူး ။ လောလောဆယ်မှာတာ့ အဓိကနဲ့သာမညကို ကောင်းစွာခွဲခြားပါ။ ဘယ်ဟာအဓိကလဲ ဘယ်ဟာသာမညလဲ ။

ပြည်သူကိုတော့ အလာကားနေရင်း မြှောက်ပင့်တဲ့ စကားကျနော် မပြောဘူး ။ ပြည်သူကသိတယ် ဘယ်သူမူမမှန်တော့ဘူးဆိုရင် ပြည်သူသိတယ်ဗျာ။ ကျနော်အဲဒါပဲပြောချင်တယ် ။ သူတို့က အချင်းချင်းလက်တို့လိုက်တယ်။ ကျောကုန်းကို ပုတ်လိုက်တယ်။တစ်ယောက်ကတွေဝေတော့မယ်။ ယိမ်းယိုင်တော့မယ်ဆိုရင် မဟုတ်သေးဘူးနော် သူငယ်ချင်းဆိုပြီးဒီလိုလာတယ်။

အဲတော့ ပြည်သူကိုလျှော့တွက် လို့မရဘူး။ တချို့အရာတွေကို ပြည်သူက ဦးဆောင်သွားတာ နိုင်ငံရေးသမားက တွေဝေနေတာ။ ဘယ်လောက်လှအောင် ပြောမလဲ သို့တည်းမဟုတ် ထွက်ပေါက်ဘယ်လိုရှာပြောရင်ကောင်းမလဲ စဉ်းစားနေချိန်မျိုးမှာ ဖြစ်တတ်တယ်။

ဒါပေမယ့် ပြည်သူလူထုက တည့်တည့်ပဲ ပွင့်ပွင့်လင်းလင်းပြောတယ်။ တကယ်လက်တွေ့ နယ်ပယ်ထဲမှာ နေရာတာ လည်းပါတယ်။ မြေပြင်အခြေအနေတွေကို ပြည်သူကပိုသိတယ်။ ပြည်သူကိုတလေးတစားနဲ့ ကိုယ်ရဲ့ အရင်းအနှီးဆုံး ရဲဘော်များအနေနဲ့ဒါကိုပဲအားကိုးပါ။

ကျနော်တို့အမြဲပြောတယ်။ ငါတို့မှာငါတို့ပဲရှိတယ် ဒီသန်း၅၀ကျော်က ဒီစိတ်နဲ့သွားရင် လုံလောက်ပါတယ်။တချို့က ကုလသမဂ္ဂကို ဟိုလိုလုပ်မယ် ဒီလိုလုပ်မယ် ကျနော်တို့ အဲဒီဟာတွေကို မစဉ်းစားဘူး ဘာဖြစ်လို့လည်းဆိုတော့ ကုလသမဂ္ဂ စိတ်ပူမှာတောင်မှ ကျနော်တို့က ပြန်ပြီးစိုးရိမ်တယ်။

သူ့ကိုကျနော်တို့က Bypass လုပ်ရမယ်။ ဒါကြောင့်မို့လို့ ပြည်သူကတခြားနည်းလမ်းကို ရွေးတာ။ ဘာလို့လဲဆိုတော့ ကိုယ်အားကိုယ်ကိုးတဲ့ နည်းလမ်းကို ရွေးတာ။ အဲဒီမှာမှ ဘာရှိလဲဆိုရင် နိုင်ငံတကာမပါ လို့မရဘူး ။ ချိတ်ဆက်တယ်ဆိုရင် မြန်မာအရေးကိုရှင်းတဲ့နေရာမှာ တကယ်စိတ်ပါပြီးတော့ ကျနော်တို့မှာ ပြောစရာနှစ်ချက်ပဲရှိတယ် နံပါတ် ၁ ကတော့ ပြည်သူ့အာဏာ ဒီမိုကရေစီ။ နံပါတ် ၂ ကတော့ တိုင်းရင်းသားတွေအပေါ်မှာ ခေတ်အဆက်ဆက် တင်နေတဲ့ အကြွေးလို့သာ ပြောလိုက်ပါတော့ အဲဒါကို ပြန်ဆပ် ရမယ်။

ဖက်ဒရယ်ပေါ့။ ခုနက ပြည်သူ့အာဏာ ဒီမိုကရေစီပေါ့။ ဒီနှစ်ခုပဲ အဲဒါကိုလာပြီး ရှုပ်ရှုပ်ထွေးထွေးမလုပ်ပါနဲ့။ ပြည်သူလူထုက သိတယ်။ ပြည်သူလူထုကပဲ ငြင်းပယ်ပြီးတော့ ဖယ်ရှားသွားမှာဖြစ်တယ်။ အရေးမပါတဲ့ဟာတွေကို Bypass လုပ်တဲ့နည်း။

တကယ့်ကို ကမ္ဘာကြီးကနေပြီးတော့ ဝိုင်းကြီးချုပ်ရမယ့်အရာတွေကတော့ ရှိတယ်။အာဏာရှင် ထွက်ပါက်မရအောင် ဝိုင်းကြီးချူပ်ရမယ်။ နိုင်ငံတွေပေါင်းပြီးတော့။ အဲဒါက ပြည်သူကကြိုးစားနေတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံတွေနဲ့ လက်နက်ကိုင်ကိုင် မကိုင်ကိုင် တွေ့တယ်၊ စုတယ် ဒါတွေတိုင်ပင်တယ်ဆိုတာ အားလုံးဟာ ဝိုင်းကြီးချုပ်ဖို့ မြန်မာ့အရေးမှာ အခုနက နှစ်ချက်ကို ဖြည့်ဆည်း မယ့်သူတွေပေါ့။

တိုင်းရင်းသားတွေရဲ့ ပန်းတိုင်ကိုရော ပြည်သူတွေရဲ့ ပန်းတိုင်တွေကိုရော ဖြည့်ဆည်းမယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိုရော တကယ်ဖြည့်ဆည်းမယ်။ နိုင်ငံတကာနဲ့ရောပေါင်းပြီးတော့ ဝိုင်းကြီးချုပ်ပုံစံနဲ့ ကျနော်တို့သွားမယ် ဒါကြောင့်မို့ ပြည်သူသာလျှင် အဓိကပဲ ။ ပြောချင်တာကတော့

၁- အရပ်သားအစိုးရအောက် အာဏာနဲ့မပါတ်သက်တဲ့စစ်တပ်ဖြစ်ရမယ်။ ဘယ်ဖက်လက်နဲ့ပေးပြီးညာလက်နဲ့ပြန်ယူ ၊ပြည်သူ့နာမည်အလွဲသုံးစားလုပ်ဖို့မကြံနဲ့။

၂-တိုင်းရင်းသားတွေအပေါ် ခေတ်အဆက်ဆက် တင်ရှိနေတဲ့ အကြွေးကိုဆပ်ရမယ်။ဒါကဖက်ဒရယ်။ဒီ၂ ချက်က လွတ်မရပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article