30 C
Yangon

ကံမမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ကံမမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ကံမရေနံသာ စစ်တပ်စခန်းမှ ထွက်လာသော အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နတ်မီးတောက်ကျေးရွာအနီး မိုင်းဆွဲ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း တိုက်ပွဲ ၅ မိနစ်ခန့် ကြာ ဖြစ်ပွားခဲ့ပြီး မိုင်းကွင်းထဲဝင်လာသော အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီခန့်အချိန်တွင်ပင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ကျန် အင်အား ၃၀ ခန့်ဖြင့် သရက် – ကံမ လမ်းပိုင်းအတိုင်း ဆက်လက်စစ်ကြောင်းထိုးလာပြီး ထန်းဖြူကျေးရွာနှင့် ရေတွင်းကြီးကျေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူမွှေနှောက်ကာ ဆက် လက်ထွက်ခွာလာစဉ် စက်တောင်ကျေးရွာအနီးအရောက်တွင် သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထပ်မံသေဆုံးကာ တော်လှန်ရေး ရဲဘော်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ပထမ အကြိမ်က ၆ ကောင်သေတယ်။ ဒုတိယ အကြိမ်က ၁၀ ကောင်သေတယ်။ ကျွန်တော်တို့ တိုက်ပွဲအတွင်း ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တဲ့ စစ်ခွေးသေစာရင်းပေါ့။ နောက်ထပ် ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း သရက်ဆေးရုံကို ရောက်လာတယ်လို့ သတင်းရတယ်။ စစ်ခွေးသေစာရင်း ထပ်တိုး သေဆုံးတာမျိုး အတည်ပြုနိုင်တာမရှိသေးဘူး။ ဒါက ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ဟာကတော့ တိုက်ပွဲအတွင်းမှာ ရဲဘော်တွေ မျက်မြင်တွေခဲ့တဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့ နောက်ဆက်တွဲကြားရတဲ့ သတင်းအခြေအနေတွေပါ။ ကျွန်တော်တို့ အတည်ပြုထားတာပါ။ စစ်ခွေးတွေဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းတာမျိုး မရှိပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိအချိန်တွင် ယင်းစစ်ကြောင်းက သရက်မြို့မှ ထွက်ခွာလာသော စစ်ကြောင်းနှင့် ပူပေါင်းပြီး သရက်မြို့နယ် ၊ စက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး လက်နက်ကြီးများတပ်ဆင်ကာ တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်သို့ ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် သရက် – ကံမ လမ်းပိုင်းကို အသုံးပြုသွားလာမည့် ပြည်သူများအနေဖြင့် သတိပြု သွားလာကြပါရန်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်သော စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်း ၊ တပ်ခွဲ-၃တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article