အကြမ်းဖက် စစ်တပ်အတွက် စက်သုံးဆီ တင်သွင်းပေးနေသော ခရိုနီ BOC ကုမ္ပဏီပိုင်ရှင် ဝင်းဆွေ ၏သား ဥက္ကာဝင်းဆွေ မင်္ဂလာ ဆောင်အတွက် ပန်းဖိုး ငွေကျပ်သိန်း ၁ သောင်း ကျော် သုံးစွဲခဲ့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ Mandalay Hill Resort ဟိုတယ်တွင် ပြုလုပ်ခဲ့သော BOC ဆီကုမ္ပဏီပိုင်ရှင် ဝင်းဆွေ၏သားဖြစ်သူ ဥက္ကာဝင်းဆွေနှင့် ဒေါက်တာ ထူးဒါလီတို့၏ မင်္ဂလာပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် မင်္ဂလာအခမ်းအနားတွင် ပြင်ဆင်ထားသော ပန်းများ၏ တန်ဖိုးပင် သိန်း ၁ သောင်းကျော် အသုံးပြုခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်အတွက် စက်သုံးဆီ၊ လေယာဉ်ဆီနဲ့ ရှမ်းတောင်ဘက်တစ်ခွင်လုံးမှာ BOC ကုမ္ပဏီက စက်သုံးဆီ တင်သွင်းလုပ်ပိုင်ခွင့်ရထားတာ။ ဦးဝင်းဆွေက သူ့သမီး မင်္ဂလာဆောင်တုန်းက ပန်းဖိုးတင် သိန်း ၆၀၀၀ ဖိုးသုံးခဲ့တာ။ အခု သူ့သား ဥက္ကာဝင်းဆွေ မင်္ဂလာဆောင် အတွက်လည်း ပန်းဖိုးတင် သိန်းပေါင်း ၁ သောင်းကျော်တယ်လို့ သိရတယ်။ မန္တလေးဆေး ရုံကို မင်္ဂလာဧည့်ခံပွဲအတွင်းမှာ သိန်း ၁ သောင်း လှူသွားသေးတယ်။ ဟိုတယ်ကြီးတစ်ခုလုံးကို မင်္ဂလာပွဲအတွက် ပန်းတွေ ဆင်ထားတာ။ ပန်းတွေကလည်း တကယ့်ကို စျေးအကြီးဆုံး ပန်းအမျိုးအစားတွေကို ဆင်ယင်ထားတာ” ဟု ဧည့်ခံပွဲ တက်ရောက်ခဲ့သည့် စက်သုံးဆီအသိုင်းအဝိုင်းက ပြောဆိုသည်။
BOC ဝင်းဆွေသည် ရှမ်းတောင်နှင့် ရှမ်းပြည်နယ်ရှိ စစ်တပ်ရင်းတပ်ဖွဲ့များအတွက် စက်သုံးဆီ တင်သွင်းသယ်ယူပေးလျက်ရှိပြီး မင်းအောင်လှိုင်မိသားစုနှင့် ကောင်းမွန်သော ဆက် ဆံရေးထူထောင်ထားကြောင်း၊ ရုရှားစက်သုံးဆီဝယ်ယူရေး ကော်မတီတွင်လည်း ဝင်းဆွေကို အဖွဲ့ဝင်အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ် ဖွဲ့စည်းခဲ့သော ရုရှားနိုင်ငံ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် စစ်တပ်ပိုင် မြန်မာ့စီ းပွားရေး ကော်ပို ရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မ တီ ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး ယင်းကော်မတီတွင် ပုဂ္ဂလိကဏ္ဍမှ ၄ ဦးပါဝင်ပြီး အောင်ပြည့်စုံပိုင် Yetagon Energy Trading ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မောင်မောင်နိုင်က အဖွဲ့ဝင် အဖြစ်လည်း ကောင်း၊ KBZ ဘဏ်ပိုင်ရှင် အောင်ကိုဝင်းပိုင် Brighter Energy မှ ဒါရိုက်တာဆန်းနောင်က အဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ စစ် တပ်ပိုင် Star Hight မှ အမှုဆောင်အရာရှိချုပ် လှဝင်းက အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ခရိုနီ Best Oil ဥက္ကဋ္ဌ ကုမ္ပဏီ ဝင်းဆွေကလည်း အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။







