ရန်ကုန်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းရွာ ရေနံချက်ဖိုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်ရွာအနီးရှိ ရေနံချက်ဖိုကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
“စစ်ခွေးတွေ ဗုံးကျဲ သွားတာပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ၁ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ် ပြည်သူပိုင်အဆောက်အဦးနဲ့ ပစ္စည်းတွေ မီးလောင်ပျက်စီးတာရှိတယ်။ စစ်ခွေးတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲ တိုက်ခိုက်နေတာပါ” ဟု ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျွန်းကြီးရွာမှ ကြက်တူရွေးရွာကို ထပ်မံ ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေသောကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျွန်းကြီးရွာ ၊ သဲအင်းရွာ ၊ ကျွန်းတော်ရွာ ၊ ကြက်တူရွေးရွာနှင့် ဟင်္သာမရွာမှ ပြည်သူများ အပါအဝင် ရာနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ဆက်ရှိနေတုန်းဆိုတော့နေအိမ်ပျက်စီးမှု အခြေအနေကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ ကျနော်တို့ပါ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။ စစ်ခွေးတွေက ရွာတွေကို ဆက်တိုက်ဝင်ရောက်စီးနင်းမီးရှို့နေတာ ပြည်သူတွေ ဖမ်းဆီးခံရတာရှိ၊မရှိ ဆိုတာလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ တစ်ရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




