ရန်ကုန်၊ ဇန်နဝါရီ ၂၄
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်မှာ အသတ်ခံလိုက်ရတဲ့ တစ်တော့ဆယ်လီ ဧရာ၀တီမရဲ့ အမှုအတွက် သံသယရှိသူတွေကို ထိုင်းရဲက ရှာဖွေနေဆဲပြီး အလောင်းကို ဒီနေ့သဂြိုလ်လိုက်ပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် တောစပ်တစ်နေရာမှာ TikTok နာမည်ကြီး ဆယ်လီ ကိုတင်ဇော်ထွေး ခေါ် ဧရာ၀တီမ ကို သေဆုံးနေတဲ့အခြေအနေနဲ့ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
လူငယ် ကိုတင်ဇော်ထွေးက TikTok မှာ Followers ၈ သိန်းကျော် ရှိတဲ့ လူသိများသူတစ်ဦးဖြစ်ပြီး LGBT အသိုင်းအဝိုင်းမှာလည်း နာမည်ကြီးသူ တစ်ဦးဖြစ်ပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ အလောင်းဟာ သစ်ပင်ကြီးတစ်ပင်နောက်ဘက် မြက်ပင်တွေကြားမှာ ဖုံးကွယ်ထားခဲ့ပြီး၊ အနီးအနားမှာ သစ်သားတံတစ်ချောင်း ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီသစ်သားချောင်းကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့နိုင်တယ် လို့ ရဲက ယူဆနေပါတယ်။
အလောင်းအနီးဝန်းကျင်မှာ အရက်ဗူးအလွတ်တစ်လုံး၊ အိတ်တစ်လုံး၊ အလှကုန်ပစ္စည်းအချို့၊ ဘဏ်စာအုပ်၊ ကွန်ဒုံးတစ်ခု တို့ကို တွေ့ရှိခဲ့ပေမယ့် ဖုန်း၊ ငွေကြေးနဲ့ တန်ဖိုးရှိပစ္စည်းအများစု ပျောက်ဆုံးနေတယ် လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေတယ် လို့ သိရပါတယ်။ အမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပြီး လုယက်မှုပါဝင်နိုင်ခြေ ကိုပါ ထည့်သွင်းစဉ်းစားနေပါတယ်။
ကိုတင်ဇော်ထွေးနဲ့ နီးစပ်သူတွေ ပြောကြားချက်အရ သူ့ကို ဇန်နဝါရီ ၁၈ ရက်ညပိုင်း မှာ ဆိုရှယ်မီဒီယာကနေ အကူအညီတောင်းဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပြီးနောက် အဲဒီနေရာကိုသွားရောက်ရင်း အသတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဖုန်းခေါ်သူကို ယုံကြည်ပြီး တွေ့ဆုံဖို့ သွားခဲ့တာဖြစ်ပြီး၊ အဲဒီနောက် ဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့်
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက လူမှုမီဒီယာအသုံးပြုသူတွေ၊ LGBTQIA2S+ အသိုင်းအဝိုင်းအတွင်းမှာ အလွန်အမင်း ဝမ်းနည်းထိတ်လန့်မှု ဖြစ်ပေါ်နေပါတယ်။ အချို့ကလည်း လုံခြုံရေး၊ အွန်လိုင်းကတဆင့် ချိတ်ဆက်တွေ့ဆုံမှုတွေမှာ သတိထားဖို့ သတိပေးနေကြပါတယ်။
ဒီနေ့မှာတော့ ဧရာ၀တီမကို မဲဆောက်မြို့ ဘုန်းကြီးကျောင်းတစ်ခုမှာ သဂြိုလ်လိုက်ပြီး မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေ ကြိတ်ကြိတ်တိုး လာရောက် နာရေးပို့ဆောင်ခဲ့ကြပါတယ်။




