26 C
Yangon

စစ်ကောင်စီတပ်ရင်းများတွင် တပ်ပြေးများနေပြီး ၇၀ ရာခိုင်နှုန်းခန့်စစ်သားများမှာ စစ်မတိုက်ချင်တော့ကြောင်း CDM ပြုလုပ်လာသည့် ခမရ ၁၀၂ မှ တပ်သားများ ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၂

အကြမ်းဖက်စစ်ကောင်စီလက်အောက် စစ်တပ် တပ်ရင်းများတွင် တပ်ကိုစွန့်ခွာထွက်ပြေးသူ အရေအတွက် များပြားနေပြီး စစ်သား ၇၀ ရာခိုင်နှုန်းခန့်မှာ စစ်မတိုက်ချင်တော့ကြောင်း ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေကားလမ်း သုံးထပ်ကွေ့စခန်းမှ ထွက်ပြေးလာကာ KNLA တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်ခဲ့သူ ခမရ ၁၀၂ မှ တပ်သား အောင်ကျော်ထူးက ပြောဆိုသည်။

“ဘယ်သူ့မေးမေး ကျွန်တော်တို့ လူငယ်ပိုင်းက ဘယ်သူ့မေးမေး ‘သားကြီးလိုက်မလား’ ဆိုရင် လိုက်ချင်တဲ့သူက များတယ်။ ဒါပေမယ့် အဖွဲ့တွေက အယောက် ၂၀ တစ်ဖွဲ့၊ အဲဒီလို ခွဲထားလို့ မခေါ်ခဲ့တာ။ မဟုတ်ရင် လိုက်ချင်တဲ့သူ ပျမ်းမျှ မရှိဘူးဆို ၁၅ ယောက်လောက်က ကျွန်တော်တို့နဲ့ အတူ ပြည်သူဘက်ကို ပါချင်တဲ့သူပေါ့။ ဒါပေမယ့် ကျွန်တော်က တစ်ယောက်တည်း ကျတော့လည်း မလုပ်ရဲဘူး။ အဖော်ညှိတယ်။ ညှိရင်းညှိရင်းနဲ့ နောက်ပိုင်း ကျွန်တော်လည်း စည်းရုံးတာ မဟုတ်ဘူး၊ စိတ်တူကိုယ်တူ ၅ ယောက်သွားတွေ့တယ်။

မဖြစ်နိုင်တာကြီးကို သူတို့ (အထက်အရာရှိ)တွေက ခိုင်းနေတာကိုး၊ ၁၀၀ မှာ ၇၀ လောက်က ဘယ်သူမှ မတိုက်ချင်ဘူး။ ဒါပေမယ့် အထက်က တာဝန်ပေးလို့သာ သူ့ဆန္ဒရင်းရသာ လုပ်နေရတာ ဆရာဆရာကြီးတွေပိုင်းကကော သူတို့ ရပိုင်ခွင့်တွေ သူတို့ထွက်ခံနီး သူတို့ မိသားစု မျက်နှာတွေရှိလို့ ငြိမ်နေကျတာ တကယ်တမ်း အပေါ်က လူကြီးတွေကောင်းလားဆိုတော့လည်း နည်းနည်းလေးမှ မကောင်းပါဘူး။ အဲဒါ အမှန်တရားပဲ။” ဟု တပ်သား အောင်ကျော်ထူးက ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီလက်အောက် စစ်တပ် တပ်ရင်းများတွင် တပ်ရင်း ၁ ရင်းလျှင် အနည်းဆုံး စစ်သား ၁၂၀ ခန့်မှ အများဆုံး စစ်သား ၂၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း CDM အရာရှိကြီး ၁ ဦးမှ ပြောဆိုပြီး ခမရ ၁၀၂ တပ်ရင်းတွင် စစ်သား ၉၀ ဝန်းကျင်သာ ကျန်တော့ကြောင်း တပ်သားအောင်ကျော်ထူးက ဆက်လက်ပြေဆိုသည်။

တပ်သား အောင်ကျော်ထူးနှင့် အခြား တပ်သား ၄ ဦးသည် အဆိုပါ မြဝတီ-ဝေါလေ ကားလမ်း ၃ ထပ်ကွေ့အနီး အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဒဏ်ရာရစစ်သားများကို စခန်းသို့ ပြန်လည်ပို့ဆောင်ရန်တာဝန်ကျပြီးနောက် တပ်ကို စွန့်ခွာကာ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တပ်ရင်းက ရှင်းရှင်းပြောရင် တိုက်ခိုက်ရတဲ့အထဲမပါသေးဘူး။ တိုက်ခိုက်ရတဲ့အထဲပါရင် ကျွန်တော်တို့လည်း အစ်ကိုတို့နဲ့ အခုလို တွေ့မှာ မဟုတ်ဘူး၊ ကျွန်တော်တို့လည်း သေမှာပဲ။ ဘာဖြစ်လို့လည်းဆိုရင် သူတို့က သူတို့မသေဖို့အရေးပဲ။ ကျွန်တော်တို့ သေချင်သေ မသေချင်နေ တိုက်ဆို ကျွန်တော်တို့က တိုက်နေရတာ။ ကျွန်တော်တို့က ဘာကံကောင်းသွားလည်းဆိုတော့ အဲမှာ ဟိုဘက် တပ်က အဖွဲ့တွေ ၈ ယောက် ၉ ယောက်လောက် ဒဏ်ရာရတယ်။ Drop Bomb ချခံရလို့ ဒဏ်ရာရတော့ အနောက်ကို ပြန်ပို့ဖို့ကို ကျွန်တော်တို့ကို တာဝန်ပေးတယ်။ အဲမှာ ကျွန်တော်တို့ ပြန်လာပို့တာ ပို့ရင်းနဲ့ အခွင့်သာလို့ အဲဒီည ကျွန်တော်တို့ ထွက်ပြေးလာတာ” ဟု တပ်သား အောင်ကျော်ထူးက ရှင်းပြသည်။

ထွက်ပြေးလာသည့် တပ်သား ၅ ဦးမှာ အသက် ၁၇ နှစ်မှ ၂၇ နှစ်အရွယ်များဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို နှစ်မြို့ခြင်းမရှိတော့ဟု တပ်သား ဇော်ထက်အောင်က ဝန်ခံသည်။

“ကျွန်တော်တို့ သဘောမကျတာလည်း ကြာပါပြီ၊ မနေချင်တာလည်း ကြာပါပြီ။ အဲတာကြောင့် အဲတာကြောင့် ကျွန်တော်တို့လည်း လုံးဝ မနေနိုင်တော့တာနဲ့ တခါတည်း CDM လုပ်လာတာဖြစ်ပါတယ်။ အာဏာရှင်စနစ်ကြီးကို ကျွန်တော်တို့လည်း လုံးဝ သဘောမကျပါဘူး။ အဲတာကြောင့်လည်း ကျွန်တော်တို့ အခုလို CDM လုပ်လာခြင်းဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို သိလာတဲ့အတွက် လုံးဝ မနှစ်မြို့ပါဘူး။ သဘောလည်းမကျဘူး၊ စစ်ကောင်စီ ဝင်တဲ့ရွာတွေဆိုရင် လုံးဝ သေချာပေါက် ၉၀ ရာခိုင်နှုန်းလောက်က စီးပွားရေး ပျက်ပါတယ်။ အဲတာ လုံးဝမဖြစ်သင့်တဲ့ တရားတစ်ခုပါ။” ဟု တပ်သား ဇော်ထက်အောင်က ပြောသည်။

CDM ပြုလုပ်လာသော တပ်သား ၅ ဦးကို KNLA ပူးပေါင်းတပ် Cobra စစ်ကြောင်းက ဆေးကုသပေးထားပြီး လုံခြုံသည့်နေရာတွင် လူသားဆန်စွာ ထိမ်းသိန်းထားကြောင်း ထုတ်ပြန်ထားသည်။

“အားလုံးက နွေးနွေးထွေးထွေးနဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေထပ်တောင် နွေးထွေးသေးတယ်ပေါ့။ ဆွေမျိုးသားချင်းတွေထဲမှာတောင်မှ အနီနဲ့ အစိမ်းဆိုပြီး ကွဲတာတွေ ရှိတယ် စကားမပြောတာတွေရှိတယ်။ သူတို့က အဲလိုမဟုတ်ဘူး။ အမှန်တိုင်းပြောရင် ကျွန်တော်တို့ ရောက်လာတဲ့အချိန် သူတို့ ကျွန်တော်တို့ကို သတ်ပစ်လို့လည်း ရတယ်လေ ဒါပေမဲ့ သူတို့ မလုပ်ပါဘူး။ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန်ထားတယ်။ အင်္ကျီအဝတ်အစားလုပ်ပေးတယ်။ ထမင်းဟင်း ရှယ်ကျွေးတယ်။ ဟိုဘက်ကမ်းမှာကတည်းက ဒီဘက်ရောက်တော့လည်း လိုလေသေးမရှိအောင်” တပ်သား အောင်ကျော်ထူးက ပြောဆိုသည်။

အမှတ် ၁၀၂ ခြေမြန်တပ်ရင်းသည် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ မုတ္တမမြို့ အခြေစိုက် တပ်ရင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article