ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်း၊ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လမ်းသစ်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းရှိ လမ်းသစ်ရွာ ၊ ရှောက်ပင်ရွာ၊ ရွှေညောင်ပင်ရွာ၊ ကြိမ်ချောင်းရွာ၊ ကရင်မသေရွာ၊ တံခွန်တိုင်ရွာ ၊ ကန်စွန်းခင်းရွာနှင့် ကြက်လျှာရွာ တို့ကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လမ်းသစ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အခုစစ်ခွေးတွေ စစ်ကြောင်းထိုးနေတာ ပေါက်ခေါင်းမြို့နယ်နဲ့ အုတ်တွင်းမြို့နယ် ကြားပေါ့။ အဲနားကို စစ်ကြောင်းထိုးနေတာ အဲဘက်တွေမှာ ထိတွေ့ တိုက်ပွဲဖြစ်နေတာတွေလည်းရှိတယ်။ စစ်ခွေး အင်အားက ၂၀၀ နီးပါးရှိတယ်။ တိုက်ပွဲဖြစ်စဉ်ကတော့ သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ချင်းလည်ဂိတ်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက လယ်တီကျေးရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းနေထိုင်သော ကပစ ၁၉ မှ စစ်သား ၁ ဦး၏ ဖခင်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ဦးရွှေမန်း ရင်ဘတ်တွင် ကျည်ထိမှန်ကာ ပေါက်ခေါင်းမြို့ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။







