ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က စုံစင်ဖျားရွာကိုလည်း ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များမီးလောင်ကာ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့အထိ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ်များ မီးလောင်နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ချောက်ချောင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် အကြိမ် ၂၀ ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း သရက်ချောင်းမြို့မှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ လဘရွာဘက်မှ တဆင့် သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေကြောင်း၊ စစ်ကြောင်း တစ်ခုသည် ဖေဖော်ဝါရီလ ၁၉ ရက်ခန့်မှ စတင်ကာ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းဘက်သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကာ ကျန်စစ်ကြောင်းသည် သရက်နှစ်ခွရွာ တံတားစစ်ဆေးရေးဂိတ်နှင့် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ဘက်သို့ ဦးတည် ထွက်ခွာနေကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု မြေပြင် စစ်ကြောင်းများ ဝင်ရောက် စီးနင်းနေခြင်းများကြောင့် သရက်ချောင်းမြို့နယ် အတွင်းရှိ ရှင်မထီးရွာ၊ ဆောဝရွာ၊ ချောက်ချောင်းရွာနှင့် စုံစင်ဖျားရွာ အပါအဝင် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“သရက်ချောင်းမှာ အကြမ်းဖက် စစ်ခွေးတွေ နေ့စဉ်ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေပါတယ်။ ဒီဘက်မှာ တိုက်ပွဲတွေကဆက်နေတယ်။ တနေကုန်လုံးကို ဖြစ်နေတာ မနေ့ကလည်း စစ်ခွေးတွေ လေယာဉ်နဲ့ စုံစင်ဖျားကျေးရွာကို ဗုံးထပ်ကျဲသွားတာ လူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ်တွေတော့ ပြာကျသွားတယ်။ အကုန်လုံးရွာလုံးကျွတ်ကို ပြေးနေရတယ်။ အခုတိုက်ပွဲက မြိတ်-ထား၀ယ် လမ်းပေါ်မှာကော ပုလောဘက်ခြမ်းမှာကော သရက်ချောင်းဘက်ခြမ်းကတော့ တော်တော်ပြင်းထန်တယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေသော မြိတ်-ထားဝယ်လမ်းပိုင်း၊ ပုလောနှင့် သရက်ချောင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်ထားသည်မှာ ၁၀ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ခရီးသွားပြည်သူများလည်း ပိတ်မိနေကြောင်း သိရသည်။




