ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ အောင်လံ၊ မကွေးနှင့် တနင်္သာရီတို့တွင် ရဲတပ် ကြပ်၊ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ ရာအိမ်မှူးနှင့် ကြံ့ဖွတ်ပါတီဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် ပျူစောထီး ၂ ဦး ပစ်သတ်ခံရ
===================================
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် လယ်မှီးရွာမှ ပျူစောထီး အဖွဲ့ဝင် သန်းစိန်နှင့် ကျော်စိန်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် စစ်ဆေးမေးမြန်းရန် သွားရောက် ဖမ်းဆီးစဥ် ဓားဖြင့် ပြန် လည် ခုခံခဲ့သောကြောင့် ကာကွယ်ရေး အဖွဲ့များက ရှင်းလင်းခဲ့ကြောင်း Tigyaing Revolution-TR ထံမှ သိရသည်။
အဆိုပါ ဖမ်းဆီး ရှင်းလင်းခံရသူ ၂ ဦးသည် ထီးချိုင့်မြို့နယ် ရွာသစ်ကုန်း ရပ်ကွက်မှ ပျူစောထီး ဇော်ဝင်းကို၊ အမှတ် ၃ ရပ်ကွက် စစ်တပ် အမာခံ ကြံ့ခိုင်ရေး ခေါင်းဆောင် မာဒင်(ရှေ့နေ)နှင့် စံပြရပ်ကွက် ကြံ့ခိုင်ရေး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စိုးစိုးတို့၏ အဖွဲ့ဝင်ဖြစ်များဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးဖုန်းထဲတွင် စစ်တပ်ထံသို့ တော်လှန်ရေးအဖွဲ့များအကြောင်း တိုင် တန်းထားသော အချက်အလက်များ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၊ ၂ ရပ်ကွက် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
=========================================
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၂ ရပ်ကွက်၊ ဦးအောင်ပွင့်လမ်းတွင် ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီဝန်းကျင်အချိန် ရာအိမ်မှူး ခင်မောင်လတ်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
သေဆုံးသူ ရာအိမ်မှူး ခင်မောင်လတ်သည် နဖူး၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၃ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူ့မိန်းမကလည်း ၂ ပေါ်တော်မူ ရပ်ကွက်ရုံးက စာရေးမပဲ။ လင်ရော မယားရော ဒလန်လိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ဦး ပစ်သတ်ခံရ
========================================
ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက် နယ်မြေ ၅ ၊ ၃ လမ်းတွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သန်းလွင်ကို နေအိမ်တွင် ရှိနေစဥ် အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
မန္တလေးတိုင်း ကူမဲမြို့တွင် ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ
=================================
မန္တလေးတိုင်း ကူမဲမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ထိန်း ရဲတပ်ကြပ် လှမိုးခိုင်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
သေဆုံးသူ ရဲတပ်ကြပ် လှမိုးခိုင်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ(K.D.D.F)၊ BARMAHTE PEOPLE DEFENSE FORCEနှင့် URBAN GUERRILLA FORCE – KUME တို့က ပူးပေါင်းမဟာမိတ် တပ်ဖွဲ့တို့က ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ
=======================================
မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ လောင်းကစားဝိုင်းများမှ စစ်တပ်အတွက် ငွေကြေး ကောက်ခံပေးနေသော ပျူစောထီးအဖွဲ့ဝင် သန်းဇော်ဦးကို Young Force (UG)က ဇူလိုင်လ ၁၄ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ သန်းဇော်ဦးသည် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်မှ ပြန်လာစဥ် Young Force (UG) အဖွဲ့ ကဖမ်းဆီးခဲ့ပြီး ကြိုးတုပ်နေစဥ် ထွက် ပြေးသောကြောင့် ပစ်ခတ်ခဲ့ရပြီး သန်းဇော်ဦးသည် တစ်နေ့ ၅၀၀၀ ကျပ် ဖြင့် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံ ကောက်ခံနေသူဖြစ်ကာ ဦးခေါင်း၊ ကျောနှင့် ရင်ဘတ် တို့ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း လောင်းလုံးတွင် ကြံ့ဖွတ်ပါတီဝင် ၁ ဦး ပစ်သတ်ခံရ
======================================
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာမှာ နေထိုင်သော ကြံ့ဖွတ်ပါတီဝင် မောင်ဝင်းကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက အမည်မသိ သေနတ်သမားများက သဘော့ဆိပ်ဈေးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကြံ့ဖွတ်ပါတီဝင် မောင်ဝင်းသည် ၎င်းကျေးရွာမှ ဈေးလာရောင်းပြီး သတင်းယူကာ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်ကို သတင်းပေးသောကြောင့် ပစ်ခတ် ခံရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။
အောင်လံတွင် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ
==============================
အောင်လံမြို့နယ်၊ ငလောက်ကျေးရွာနေ မျိုးမင်းဦး၊ မျိုးလွင်နှင့် မင်းထက်တို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို အကြမ်းဖက်စစ်တပ်ထံ ပေးပို့ခြင်း၊ ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်းများတွင် ပါဝင်နေကြောင်း သက်သေများ စစ်ဆေးတွေ့ရှိသဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် အောင်လံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကူမဲမှ ရဲတပ်ကြပ်သေဆုံးနေပုံနှင့် မုံရွာမှ စစ်တပ်သတင်းပေးဟု စွပ်စွဲသတ်မှတ်ခံရသူ သန်းလွင် သေဆုံးနေစဉ်။