ရန်ကုန်၊ မတ် ၉
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ပြည်သူ ၃၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး ရွာသူရွာသား ၁၆၀ ကျော် ဖမ်းဆီးသွားခဲ့ကြောင်း Karen Peace Support Network က သတင်းထုတ်ပြန်သည်။
မတ်လ ၅ ရက်နေ့ မြန်မာအကြမ်းဖက်စစ်တပ်၏ ခမရ-၂၆၄ နှင့် ပူးပေါင်းစစ်ကြောင်းက ညောင်လေး ပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ထီးပုလုကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်က ထီးပုလုကျေးရွာအုပ်စုရှိ ကျောင်းကုန်းကျေးရွာနှင့် ဒါးဆိပ်ကျေးရွာများပေါ်သို့ ဒရုန်းများနှင့် တိုက်လေယာဉ်များ အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်မှ အသက် ၆၀ နှစ်အရွယ်အထိ ကလေးငယ်များမှစ၍ အမျိုးသမီးငယ်များ၊ သက်ကြီးပိုင်းအဘွားအိုအရွယ်အထိ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် အသက် ၁၂ နှစ် ကလေးငယ်များမှ အသက် ၅၅ နှစ်အထိ အမျိုးသား ၈ ဦး သေဆုံးခဲ့ကြောင်း၊ စုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၂၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၅ ရက်နေ့တွင်ပင် စစ်တပ် စစ်ကြောင်းက လယ်ဒိုမြို့နယ်၊ ထီးပုလုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားအများအပြားကို ဖမ်းဆီးခဲ့ပြီး အမျိုးသား ၅ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ရာ စစ်တပ် စစ်ကြောင်း၏ သတ်ဖြတ်မှုကြောင့် မတ်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် ပင် ပြည်သူ ၃၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ ရွာသားပေါင်း ၁၆၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးပြုရန်အတွက် ကျေးရွာစာသင်ကျောင်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက Karen Peace Support Network နှင့် KNU ဗဟိုအလုပ်အမှုဆောင် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးတို့ကို ယင်းသတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းထားသော်လည်း အဆက်အသွယ် မရရှိသေးပေ။






