34 C
Yangon

သဲကုန်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး လစဉ်ကောက်ခံနေသော အုပ်ချုပ်ရေးမှူး ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းကြေး လစဉ်ကောက်ခံနေသော အုပ်ချုပ်ရေးမှူး ခင်စိုးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ ကြို့ပင်သာရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင် ခင်စိုးကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၁ တပ်ခွဲ ၁ ရဲဘော်များက ၎င်း၏ နေအိမ်သို့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းတွင် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် ခင်စိုးသည် အကြမ်းဖက် စစ်တပ် အတွက် စစ်မှုထမ်းကြေးများ လစဉ်ကောက်ခံပေးခြင်း၊ ထောက်ခံစာတစ်စောင်လျှင် ၂ သောင်းကျပ်ကောက်ခံခြင်း ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရာတွင် စစ်သားများနှင့် လိုက်ပါခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ သတင်း အချက်လက်များကို စုဆောင်း၍ စစ်တပ်ထံ ပေးပို့ခြင်း၊ ပြည်သူ ၅ ဦးကိုလည်း အကြမ်းဖက် စစ်တပ်အား ဖမ်းဆီးခိုင်းခြင်းများ ကျူးလွန်ထားသူဖြစ်ကြောင်း သိရှိရသည်။

“ခင်စိုးက ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တာ စစ်မှုထမ်းကြေးလည်း အတင်းအဓမ္မ ကောက်ခံတယ်။ နောက်ပြီး လူငယ်တွေကိုလည်း သူဦးဆောင်ပြီး စစ်တပ်ကို ပေါ်တာဆွဲ ဖမ်းဆီးပေးတယ်။ ပြည်သူတွေကို အကြောင်းမဲ့ စစ်တပ်ကို ဖမ်းဆီးခိုင်းတာတွေ တော်တော်ဆိုးဆိုးကို လုပ်ဆောင်လာလို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရတာပါ” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ရှင်းပြသည်။

ကြို့ပင်သာရွာ အုပ်ချုပ်ရေးမှူး ခင်စိုးထံမှ ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်တုံးနှင့်ထောက်ခံစာ လုပ်ပေးသည် စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article