ရန်ကုန်၊ မတ် ၉
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တဖီလေးခိုကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ယနေ့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုလောမြို့နယ်၊ တဖီလေးခိုကျေးရွာအတွင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အသက် ၆ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး ၂ ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသား ၃ ဦး စုစုပေါင်း ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေး ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ကလည်း တောင်ခေါင်းလောင်းကျေးရွာနှင့် သင်္ကန်းတောကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။






