ရန်ကုန်၊ မတ် ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ရဲစခန်းနှင့် စစ်ကြောင်းများကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Mon State Revolutionary Force – MSRF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာ အနီးတွင် ယာယီစခန်းချတပ်စွဲနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုဖြစ်သည့် ညီနောင်တပ်ဖွဲ့ ဖြစ်သော နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ YGF အမှတ်(၈၀၀၁)တပ်ရင်း၊ KBDF အမှတ်(၈၀၀၂)တပ်ရင်းနှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)များမှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော ဒရုန်းတပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်ခန့်တွင်လည်း ကနင်ကမော့ကျေးရွာ အနီးတွင် ယာယီရပ်နားနေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၆ လုံး ထပ်မံ ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုများကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ KNLAတပ်ရင်း(၂၇) တပ်ခွဲ(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်မှား အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း ဇန်နဝါရီလမှ မတ်လအစောပိုင်းအထိ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲတွင်လည်း စစ်သား ၇ ဦး သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်နှင့် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တို့တွင် ရေးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ကွမ်ကျိုက်စခန်းကုန်းကို ၂ ကြိမ်တိတိ ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၂ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ရေးမြို့နယ် ကျောက်ထပ်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းအား ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် ဟန်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သံဖြူဇရပ်မြို့နယ်ရှိ အနင်းရွာရဲစခန်း နှင့် ညနေ ၅ နာရီခန့်တွင် ထင်းရှုးရွာရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံး ၁ ကြိမ်စီကျဲချတိုက်ခိုက်ခဲ့ရာ ထင်းရူးရွာရဲစခန်းမှ စစ်သား ၃ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ရေးမြို့နယ်ရှိ ကနင်ကမော့ကျေးရွာဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၅၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရေးမြို့နယ်ရှိ နှစ်ကရင်ရွာဘက်မှ သံဖြူဇရပ်မြို့နယ် အောင်သပြေကျေးရွာဘက်ကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြာင်းနှင့် တော်လှန်ရေးပူပေါင်းမဟာမိတ်တပ်များတို ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၅ ဦးေသဆုံးကာ တော်လှန်ရေးဘက်မှ မွန်ပြည်တော်လှန်ရေးတပ်MSRF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း အောင်သာယာရွာသို့ စစ်ကြာင်းထိုးလာသော စစ်တပ် စစ်ကြာင်းကို တော်လှန်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ပြီ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိဘဲ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ရကြောင်းသိရှိရသည်။
” ၂ ရက်နေ့ ၁ လပိုင်းတုန်းက ကျွန်တော်တို့ ဒရုန်းနဲ့ကျဲတုန်းက စစ်ခွေးတွေဘက်က ၂ ဦးသေ ၁ ဦးဒဏ်ရာရတယ်။ ကျောက်ထပ်တောင်ဘက်က ဟန့်ထားဆိုတော့ ထိခိုက်မှုတော့မရှိဘူး။ ထင်းရှုးရဲစခန်းနဲ့ အနင်းရဲစခန်းမှာ ထင်းရူးရဲစခန်းက ၃ ဦးဒဏ်ရာရတယ်။ ၁၈ ရက်နေ့ဟာက စစ်ခွေးတွေဘက်က ထိခိုက်မှုမသိရသေးဘူး။ ၂၂ ရက်နေ့ လပိုင်းကဟာမှတော့ စစ်ခွေးဘက်က ၅ ဦးသေပြီး တော်လှန်ရေးရဲဘော် ၂ ဦးကျတယ်။ ၈ ရက်နေ့ ၃ လပိုင်းကတော့ စစ်ခွေးတွေဘက်သေဆုံးတာတော့မသိရသေးဘူး။ ကျွန်တော်တို့ရဲဘော် ၃ ဦးတော့ ကျသွားတယ်။ တိုက်ပွဲတွေ အတွင်းမှာ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတော့မရှိဘူး။ ကျွန်တော်တို့ကတော့ အာဏာရှင်ကိုမပြီးသေးတော့ ရှေ့လျှောက်လည်း ဆက်တိုက်နေအုံးမှာပါ” ဟု တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တော်လှန်ရေးပူးပါင်းတပ်များတွင် KNLAတပ်မဟာ ၆ တပ်ရင်း ၂၇ လက်အောက်ခံ တပင်ရွှေထီးကိုကျိုက်ပြည့်သူကာကွယ်ရေးတပ်၊ မွန်ပြည်တော်လှန်ရေးတပ်MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ၊ ရေးပျောက်ကျားတပ်YGF ၊ KNLA တပ်ရင်း ၂၇ ခွဲ ၁ နှင့် ဗျုဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။




