ရန်ကုန်၊ မတ် ၁၅
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးခန့်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်အပြင် လက်ရှိတွင်လည်း လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေမှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၇ ရက် နေ့ မှစ၍ သရက်ချောင်းမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော ဝင်းဝစခန်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက် ခိုက်ခဲ့ရာ မတ်လ ၁၁ ရက် ညနေ ၄ နာရီအထိတ တစ်လကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်း တိုက်ပွဲကာလအတွင်း အထိနာသော အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်ပြည်သူ ၂၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“စစ်ဘေးရှောင်ရင်း၊ ခရီးသွားရင်းနဲ့ စစ်ကောင်စီယာဉ်တန်းနဲ့တန်းတိုးတဲ့သူတွေကို လွှတ်မပေးနဲ့ ဖမ်းပြီးသတ်ပစ်လိုက်တယ်၊ တချို့ကတော့ ဓားနဲ့ထိုးသတ်တယ်၊ တချို့ကတော့ လက်နက်ငယ်နဲ့ ပစ်သတ်တယ်၊ နောက်ပြီးတော့ ဥယျာဉ်ခြံတွေထဲမှာ တွေ့တဲ့သူတွေကို ဖမ်းပြီးတော့ သတ်တာတွေ လည်းရှိတယ်။ သတ်ပစ်တဲ့ပုံစံက လေးငါးယောက်တစ်စု သတ်ဖြတ်ထားတာတွေရှိတယ်။ အခုထိ သတ်ခံထားရ တဲ့သူတွေလည်းတွေ့နေရဆဲပါ။အရေအတွက်က အတိအကျ အတည်ပြုလို့ မရသေး ဘူး။” ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သိမ်းပိုက်ရရှိသည့် ဝင်းဝစခန်းမှ စစ်သားများသည် တပ်ပျက်ကာ ထွက်ပြေးနေသောကြောင့် တော် လှန်ရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းလျက်ရှိရာ တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ စစ်တပ်က လေကြောင်းမှ ဗုံံးကျဲတိုက်ခိုက်လျက်ရှိရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
“လက်ရှိတိုက်ပွဲငယ်တွေတိုက်ပွဲဖြစ်နေတာက ဝင်းဝစခန်းကနေထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ် သားတွေက တပ်ပျက်ပြီးတော့ ထွက်ပြေးနေကြတယ်။ ဟိုတစ်စု၊ ဒီတစ်စုနဲ့၊ အဲဒါတွေကို လိုက်လံ ရှင်းလင်းနေတယ်။ အဲလိုရှင်းလင်းတဲ့အခါမှာ သူတို့ဘက်ကလေကြောင်းကနေလည်း ပစ်ကူပေး နေတယ်။ အဲဒီလို လေကြောင်းကနေတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ အခု ကျနော်တို့ သိထား ရသလောက် ဆိုရင် ၂ ဦးသေဆုံးထားတယ်။ အနည်းဆုံး ၈ ဦးလောက်က ဒဏ် ရာရထားတယ်။ အရေးပေါ်အခြေအနေမှာရှိတဲ့လူနာတွေလည်းရှိတယ်။” ဟု တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဝင်းဝ စခန်သိမ်းတိုက်ပွဲ စစ်ဆင်ရေးကာလအတွင်း၌လည်း စစ်ရေးသတင်းလုံခြုံမှုအရ တယ်လီဖုန်း လိုင်းများ ဖြတ်တောက်ထားရပြီး ပြည်သူလူထု ဆက်သွယ်ရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အ တွက် အနူး အညွတ် တောင်းပန်ထားသည်။
တနင်္သာရီတိုင်းအတွင်း၌ အလားတူစခန်းသိမ်းတိုက် ပွဲများ အရှိန်ဟုန်မြင့် ဖော်ဆောင်သွားမည်ဖြစ် သောကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ် ရေး အဖွဲ့ဝင်များ၏ သတိပေးနှိုးဆော်ချက်များကို အပြည့်အဝ လိုက်နာကြပါရန်နှင့် ပြည်သူ့စစ်မဟာ ဗျူဟာကို အကောင်အထည်ဖော်ရာတွင် တတ်စွမ်းသည့်ဖက်မှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ဝင်း၀စခန်းကို တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့စဉ်။




