34 C
Yangon

ကျောက်တံခါး၊ မြိုင်၊ ထန်းတပင်၊ မင်းကင်းနှင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျောက်တံခါး မြို့နယ် ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

မတ်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် ၃၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာ သစ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးအပြင် ဒရုန်း ဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် အသက် ၄၀ အရွယ် ကိုဝင်းဇော် ၊ အသက် ၃၈ နှစ် အရွယ် မမာလာဝင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ရင်း၊ ပိန်းဇလုတ်အခြေစိုက် ခမရ ၂၆၄ တပ် ရင်းနှင့် ကျောက်တံခါးမြို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာတွေအပါအဝင် စစ်တောင်းမြစ်တစ်လျှောက်က ကျေးရွာများ ကို လက်နက်ကြီးဖြင့် နေ့စဥ်နီးပါး ပစ်ခတ်နေကြောင်း ကျောက်တံခါးမြို့နယ် ပကဖ က ပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃နာရီ နှင့် ညပိုင်းအထိ အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ပျက်စီးမှုရှိကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ်ပျက်စီးတာတွေတော့ရှိလို့ သိရတယ်။ မနေ့က ဗုံးကျဲသွားတာက စုစုပေါင်း ၉ ကြိမ်ကျဲသွားတာ” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။

ထို့အတူ ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ထန်းတပင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဒေးလိုကျေရွာအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၄ မိနစ်ခန့်တွင် သံတောင်မြို့ရှိ အကြမ်းဖက် စစ်တပ်တပ်က သဌေးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၃၉ နှစ်အရွယ် နော်နိုလင်း၊ အသက် ၉ နှစ်အရွယ် စောဖောဆဲဂေမူးနှင့် အသက် ၃ နှစ်အရွယ် စောဒစ်ဗစ်ထွန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဘုန်းကြီး‌ကျောင်း ၁ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဂုံညှင်းဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ဘုန်းကြီးကျောင်း ၁ ကျောင်းထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက သရက်ချောင်းနယ်ထဲကို ဗုံးကျဲတာက နေ့တိုင်းနီးပါးကို ကျဲနေတာ မြေပြင်မှာလည်း ထိတွေ့ တိုက်ပွဲတွေကဖြစ်နေတုန်းပဲလေ ဝင်းဝစခန်းကျသွားတာကို အခဲမကြေဘဲ ရွာတွေကို ဆက်တိုက် လိုက်ကျဲနေတာ ပြည်သူတွေလည်း အခုထိ ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ ရွာတွေထဲမှာ ပြန်မနေရဲသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ လောင်းပြည့်ရွှေမှော်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက လောင်းပြည့် ရွှေမှော်ကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း သိရသည်။

“လောင်းပြည့်ရွှေမှော်ကို ဗုံးကျဲတာက ၁၃ ရက်နေ့က ကျဲတာပါ။ ပြည်သူ ၇ ဦးထိခိုက်တယ်လို့တော့ သိရတယ်။ သေဆုံးသူရှိတယ်လို့တော့ မကြားမိဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article