ရန်ကုန်၊ မတ် ၁၆
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက် အားကစားကွင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက် Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ ည ၉ နာရီကျော်ခန့်တွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်အတွင်းရှိ မိုးလုံလေလုံ အားကစားကွင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မြို့ပြကြွက် Network မှ ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်မှုများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မြို့ပြကြွက် Network မှ ရဲဘော်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ၁၄ ရက်နေ့ ည ၉ နာရီကျော်လောက်က မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်အတွင်းမှာရှိတဲ့ မိုးလုံလေလုံ အားကစားကွင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၂ ကောင် အပြင်းအထန်ဒဏ်ရာရတယ်” ဟု မြို့ပြကြွက် Network မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင် လက်ပါးစေများ အနေဖြင့် စစ်အုပ်စု စတင်ခဲ့သော စစ်ပွဲကို အမြန် အဆုံးသတ်နိုင်ရန် လူထုနှင့်တသားတည်းရပ်တည်၍ အာဏာရှင်များဘက် သေနတ်ပြောင်းပြန် လှည့်ကြရန် သတိပေးနှိုးဆော်လိုက်ကြောင်း၊ အာဏာရှင်အလိုကျ ကိုယ်ကျိုးစီးပွားအတွက် လူထုကို ဖိနှိပ်နေသူမှန်သမျှ မြို့ပြကြွက်တို့၏ ဒဏ်ခတ်ခြင်းကို မလွဲမသွေ ကြုံတွေ့ကြရမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ကားဖြင့် ထွက်လာသော ရဲများကို မြို့ပြကြွက်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ညအချိန် ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်သားများ (ပုံအဟောင်းဖြစ်သည်)




