ရန်ကုန်၊ မတ် ၁၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သဲဖြူရွာသစ် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ အသက် ၄၃ နှစ်အရွယ် ဦးဝင်းဇော် ၊ အသက် ၄၁ နှစ်အရွယ် ဒေါ်မာလာဝင်း ၊ အသက် ၁၂ နှစ်အရွယ် မောင်မြင့်မြတ်သူ နှင့် အသက် ၁၀ နှစ်အရွယ် မနိုင်နိုင်မောင် တို့ သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် မောင်ထက်လင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၁၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် မင်းဒပ်ရွာကို ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် သရက်ချောင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ကျေးရွာများကို နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“သရက်ချောင်းနယ်ထဲမှာ စစ်ခွေးတွေ နေ့တိုင်းနီးပါးကို ဗုံးကျဲ တိုက်ခိုက်နေတာ မနေ့ကကော၊ တနေ့ကကော ကျဲတယ်။ လေယာဉ်တွေကလည်း ဒီနေ့လည်း ခေါင်းပေါ်မှာ ဝဲနေတုန်းပဲ။ ဝင်းဝစခန်းစခန်း ကျသွားတာကို အခဲမကြေလို့ထင်တယ်။ ပြည်သူတွေလည်း ရွာတွေထဲကို မဝင်ရဲကျသေးဘူး။ ဆက်လက်တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







