ရန်ကုန်၊ မတ် ၁၉
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်း ဖက်မှုများကို တော်လှန်ရေးတွင် ပါဝင်နေသည့် အမျိုးသမီးများကို လက်တုံ့ပြန်ရန် စနစ်တကျ တွက်ချက်ထားသော စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုမှု မြင့်တက်လာနေကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်သည်။
မတ်လ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်ခဲ့သော ၇၀ ကြိမ်မြောက် အမျိုးသမီးများ၏ အခြေအနေဆိုင်ရာ ကော်မရှင် (Commission on the Status of Women – CSW) အစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေးနှင့် တရားစီရင်ရေးဆိုင်ရာ အကျပ်အတည်းများကို တင်ပြခဲ့ခြင်း ဖြစ်သည်။
မြန်မာ စစ်အုပ်စုကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ အချက်အလက်များကို ကိုးကား၍ ပြောဆိုခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေစနစ်သည် စစ်အုပ်စု၏ ဖိနှိပ်ရေးကိရိယာတစ်ခု ဖြစ်လာပြီး တရားရုံးများသည်လည်း ၎င်းတို့၏ အထိန်းချုပ်ခံ “သားပိုက်ကောင် တရားရုံးများ” သာ ကျန်ရှိတော့ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
စစ်အုပ်စု၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် လူဦးရေ၏ ထက်ဝက်ကျော်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေပြီး၊ အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀ ဒသမ ၄ သန်း အပါအဝင် လူဦးရေ ၂၂ သန်းခန့်မှာ လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
စစ်အုပ်စု၏ ဖိနှိပ်မှုများ ရှိနေသော်လည်း မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိမှာ ထူးခြားပြောင်မြောက် ကြောင်း၊ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများသည် တော်လှန်ရေး၏ ရှေ့တန်းမှ ဆက်လက်ပါဝင်နေသလို၊ လွတ်မြောက်နယ်မြေများရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သံအမတ်ကြီးက ဂုဏ်ပြုပြောကြားသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် NUG၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသမီးဦးဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းများကို တိုက်ရိုက်ကူညီရန်၊ နစ်နာသူဗဟိုပြု စောင့်ရှောက်မှုများအတွက် ရေရှည်တည်တံ့သော ရန်ပုံငွေများ ပံ့ပိုးရန်၊ စစ်အုပ်စုထံသို့ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုများကို အမြန်ဆုံး ဖြတ်တောက်ရန် တောင်းဆိုသည်။
မြန်မာ့အကျပ်အတည်း၏ အဓိကဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး၊ ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲများသည် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်သာ ဖြစ်သောကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးကို အပြည့်အဝ ထောက်ခံပေးရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမှသာလျှင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တန်းတူညီမျှသော တရားမျှတမှုနှင့် အခြေခံအခွင့်အရေးများကို မချွင်းမချန် ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုသွားသည်။






