ရန်ကုန်၊ မတ် ၁၉
မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကုန်တင်ကားများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးမျိုးသီဟဇော်နှင့် အဖွဲ့ အပါအဝင် ဌာနဆိုင်ရာအသီးသီးက ဂိတ်ကြေးများ အဆင့် ဆင့် အတင်းအဓမ္မကောက်ခံနေခြင်းကြောင့် ကုန်စည်ဈေးနှုန်းများမှာ ထိန်းမနိုင်သိမ်းမရအောင် မြင့်တက်နေကြောင်း သရက်အခြေစိုက် လုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သရက်မြို့သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လမ်းကြောင်းတစ်လျှောက် ငွေပေးနေရသည့် အခြေအနေမှာ အလွန်ဆိုးဝါးနေကြောင်း၊ အောင်လံမြို့မှတစ်ဆင့် ဇက်ရေယာဉ်ဖြင့် ကူးယူရာတွင် ၆ ဘီးကားတစ်စီးလျှင် ၃၅,၀၀၀ ကျပ် ပေးဆောင်ရပြီး သရက်ဆိပ်ကမ်းသို့ ရောက်ရှိချိန်တွင်လည်း ရဲ၊ စစ်တပ်နှင့် မြို့နယ်ထွေအုပ် အဖွဲ့ ၃ ဖွဲ့အား တစ်ဖွဲ့ချင်းစီအလိုက် ငွေကျပ်သောင်းချီ၍ ထပ်မံပေးဆောင်နေရကြောင်း သိရှိရသည်။
ထို့အပြင် ကုန်စည်အသင်းဥက္ကဋ္ဌထံမှ ထောက်ခံချက်ရရှိရန်အတွက်လည်း ငွေကျပ် ၃ သိန်းခန့်အထိ ပေးဆောင်နေရကြောင်း သိရသည်။
ဒေသခံပြည်သူတစ်ဦး၏ ပြောပြချက်အရ မြို့နယ်ထွေအုပ်အဖွဲ့ဝင် ၁ ဖြစ်သူ ဗိုလ်မှူးမျိုးသီဟဇော်က မြို့နယ်လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ အဆင့်ဆင့် ငွေတောင်းခံနေခြင်းဖြစ်ပြီး၊ သရက်မြို့သို့ ကုန် ကားတစ်စီးဝင်ရောက်ရန်အတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ငွေကျပ်သိန်းဂဏန်းအထိ ရှိနေသည်ဟု သိရှိရသည်။
ထိုကဲ့သို့ ဆက်ကြေးသဖွယ် တောင်းခံနေမှုများကြောင့် ကားခများ မြင့်တက်လာပြီး ပြည်သူများ၏ စားဝတ်နေရေးအပေါ် တိုက်ရိုက်ထိခိုက်စေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်။
လက်ရှိတွင် သရက်-ကံမ-ပြည် လမ်းမကြီးကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ ပြည်တံတားဂိတ်နှင့် တယ်ပင်ကျိုးဂိတ်တို့မှ ပိတ်ထားသည်။
ထို့အပြင် သရက်မှ ရန်ကုန်သို့ သွားမည့် ကုန်ကားများအနေဖြင့်လည်း ပြည်တာဂွဂိတ်ရှိ စရဖ အောင်အောင်ဦး၏ K Pay အကောင့်သို့ ငွေကျပ် ၃ သောင်း ကြိုတင်လွှဲပေးပြီး အကြောင်းကြားထားမှသာလျှင် ဖြတ်သန်းခွင့် ရရှိနေသည်ဟု သိရသည်။
သရက်မြို့နယ်အတွင်းရှိ စစ်ကောင်စီအရာရှိများနှင့် ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှုမှာ ဒေသခံပြည်သူများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြီး ကုန်စျေးနှုန်းများပါ လိုက်ပါမြင့်တက်နေကြောင်း သိရှိရသည်။
သရက်မြို့နယ်အတွင်း ငွေကြေးအတင်းအဓမ္မ တောင်းခံနေသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး မျိုးသီဟဇော်မှာ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်မှဖြစ်ကြောင်း သိရှိရသည်။




