ရန်ကုန်၊ မတ် ၁၉
မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍတွင် အစိုးရက ဆီဖူလုံမှုရှိကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း မြေပြင်တွင် တင်သွင်းသူ (Importer) တချို့၏ မရိုးသားသော လုပ်ဆောင်မှုများနှင့် စက်သုံးဆီ အဝင်နည်းနေခြင်းကြောင့် လက်လီဆီအရောင်းဆိုင်တချို့ ဆီပြတ်လပ်ခြင်းနှင့်ဆိုင်ပိတ်ထားရခြင်းများ ဖြစ်ပေါ်နေကြောင်း တစ်ပိုင်တစ်နိုင်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပုံမှန်အားဖြင့် စက်သုံးဆီအရောင်းဆိုင်များသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ထုတ်ပြန်သည့် PTSC ရည်ညွှန်းဈေး အတိုင်းသာ ဝယ်ယူရောင်းချရမည် ဖြစ်သော်လည်း ဆီတင်သွင်းသော Importer တချို့မှာ ဈေးနှုန်းကစားမှုများ လုပ်ဆောင်လာကြောင်း၊ PO 10 (ဝယ်ယူခွင့်အမိန့်စာ) အရ ရရှိရမည့်ဈေးနှုန်းအစား နောက်အပတ်တွင် တက်လာမည့် PO 11 ဈေးနှုန်းဖြင့် ရှင်းရန် ဖိအားပေးခြင်း၊ သို့မဟုတ် လက်ရှိ PO 11 ဈေးကို နောက်လာမည့် PO 12 ဈေးနှုန်းဖြင့် ရှင်းမှသာ ဆီထုတ်ပေးမည်ဟု ဆိုကာ ဈေးတက်ချိန်ကို စောင့်ဆိုင်းခြင်းများ ပြုလုပ်နေကြကြောင်း သိရှိရသည်။
ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်များထံသို့ ပေးရမည့် ဆီခွဲတမ်း လျှော့ချခြင်းများကို ဆီတင်သွင်းသူ Importer များက လုပ်ဆောင်လာကြောင်း၊ ဆီတင်သွင်းသူများက ၎င်းတို့ လိုချင်သည့် ဆီစျေးနှုန်းအတိုင်း ငွေမပေးချေပါက ရရှိမည့် ဆီခွဲတမ်းကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပစ်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု သိရှိရသည်။
အလားတူ ဆီတင်သွင်းသူများက သီလဝါဆီဂိုဒေါင်များတွင် ဆီထုတ်မပေးဘဲ အချိန်ဆွဲနေကြောင်း၊ စစ်တပ်နှင့် တာဝန်ရှိသူများက လက်လီဆိုင်များကိုသာ စစ်ဆေးအရေးယူမှုများ ပြုလုပ်နေသော်လည်း အဓိကရင်းမြစ်ဖြစ်သည့် သီလဝါဆီဂိုဒေါင်များတွင် Importer များက ဆီထုတ်မပေးဘဲ အချိန်ဆွဲနေခြင်းကိုမူ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးဟု သိရှိရသည်။
စက်သုံးဆီအရောင်း ဆိုင်များအနေဖြင့် ဆီခွဲတမ်းရရှိရန် ငွေကြိုရှင်းထားသော်လည်း ဆီမရရှိသည့်အတွက် ရောင်းစရာဆီပြတ်လပ်ကာ လူထုနှင့် ထိပ်တိုက်ခြင်းနှင့် ဆီဆိုင်များ ပိတ်သိမ်းထားရကြောင်း သိရှိရသည်။
အထူးသဖြင့် Normal PO (N-PO) ဖြင့် ရပ်တည်နေရသော တစ်ပိုင်တစ်နိုင်-SME ဆီဆိုင်ငယ်များသည် Real-Time စနစ်တပ်ဆင်နိုင်သည့် ကုန်ကျစရိတ် မတတ်နိုင်သဖြင့် ရရှိသည့် ဆီခွဲတမ်းမှာ နည်းပါးလှကြောင်း၊ ထိုနည်းပါးလှသော ခွဲတမ်းကိုပင် ဆီတင်သွင်းသူ Importer များက ထပ်မံလျှော့ချခြင်း၊ ဈေးပိုတောင်းခြင်းများ ပြုလုပ်နေသဖြင့် ဆိုင်ပိတ်ထားရကြောင်း သိရှိရသည်။
“တကယ်ဆိုရင် စည်းကမ်းအရ MPTA က ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးအတိုင်းပဲ ရောင်းဝယ်ရမှာပါ။ အခုက Importer တွေက အစိုးရကိုရော၊ အောက်ခြေဆိုင်တွေကိုရော လှည့်ဖြားပြီး လုပ်ချင်ရာ လုပ်နေကြတာပါ” ဟု နစ်နာသူ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ထို့ကြောင့် သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနနှင့်စစ်တပ်အနေဖြင့် သီလဝါဆီဂိုဒေါင်များတွင် Importer များက ဆီထုတ်မပေးဘဲ တမင်အချိန်ဆွဲနေမှုကို စစ်ဆေးရန်၊ PO နံပါတ်အလိုက် သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံနေသည့် Importer များကို ထိရောက်စွာ အရေးယူရန်၊ ခွဲတမ်းနည်းပါးသော SME ဆိုင်ငယ်များအပေါ် ဖိအားပေးမှုများကို တားဆီးပေးရန် ဆီအရောင်းဆိုင်ပိုင်ရှင်များက အရေးပေါ် တောင်းဆိုကြသည်။
“နယ်ဆီဆိုင်တွေ တော်တော်များများ ပိတ်ထားရပြီ။ အဓိက ဆီတင်သွင်းတဲ့ Importer ကြီးတွေ ယုတ်မာလို့ ” ဟု နယ်ဒေသမှ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။




