36 C
Yangon

မတ္တရာ၊ လောင်းလုံးနှင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှ ညပိုင်းထိ မတ္တရာမြို့နယ် အနောက်ခြမ်း စိန်ပန်းကုန်းရွာဘက်တွင်ရှိသော အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ ဒရုန်းများဖြင့် မိုးကြိုးရွာထဲသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲရှိတာလည်း မဟုတ်ဘဲ အကြောင်းမဲ့ကို ရွာတွေကို ဦးတည်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ နေအိမ်တွေတော့ မီးလောင်ပြာကျသွားတယ်။ ကျနော်တို့ သိရတာတော့ နေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းကြောင့် လက်ရှိချိန်တွင် မိုးကြိုးရွာမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ်၊ ဇာဟာကျေးရွာတွင် အခြေစိုက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ခမောင်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ၄ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာအတွင်းနေထိုင်သော အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲလည်းဖြစ်တာမရှိပါဘူး။ စစ်ခွေးတွေက ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ အဲတာ ခမောင်းတောင်ရွာကို လက်နက်ကြီးကျပြီး ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျွန်းလှမြို့နယ်၊ အနောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ကျနော်တို့ သိရတာတော့ ပြည်သူတွေ ထိခိုက်တာတော့မရှိပါဘူး။ စစ်ခွေးတွေက အခုနောက်ပိုင်း ကျွန်းလှမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေက ဆက်တိုက်ကို လုပ်ဆောင်လာတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article