29 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိ၊ ယင်းမာပင်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ

Must read

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း Myingyan Twenty one Guerilla Force – MTGF အဖွဲ့မှ Jokerက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ တောင်ကျွန်းရွာမှ ပတ္တာရွာသို့ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ထွက်ခွာသည့် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး မတ်လ ၁၈ ရက်နေ့တွင် စစ်သားအလောင်းများကို လာရောက်ကောက်ယူသွားကြောင်း သိရသည်။

“စစ်ခွေးသေဆုံးတာ ဗိုလ် ၁ ဦး အပါအဝင် ၁၅ ကောင်သေဆုံးတယ်။ စစ်ခွေးဘက်ကတော့ လက်နက်တွေကတော့ မရဘူး။ ခဲယမ်းတချို့ သိမ်း ဆည်း ရမိတယ်။ စစ်ခွေး အင်အားက ၂၀၀ လောက်ရှိတယ်။ သင်္ဘောတင်ရွာမှာ အလောင်းတွေကို မီးရှို့သဂြိုလ်တာတွေ့ခဲ့ရတယ်” ဟု Myingyan Twenty one Guerilla Force – MTGF အဖွဲ့မှ Jokerက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ 21ပျောက်ကြားတပ်ဖွဲ့နှင့်အတူ TFM ပျောက်ကြားတပ်ဖွဲ့ ၊ Onemoreစစ်ကြောင်း ၊ မိုရှေဒါးယမ်း ၊ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြောင်းပြာ လက်လုပ်ရွာဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ယင်းမာပင်မြို့နယ်အတွင်း ပြောင်းပြာ၊ လက်လုပ်ရွာဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ၍ အသေခံဒရုန်း၊ စက်တပ်လေးထီးနှင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရသည်။

“ဒီနေ့မွန်းလွဲပိုင်းကစပြီး ပြောင်းပြာ၊ လက်လုပ်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာ အသေခံ ဒရုန်းတွေနဲ့လည်း ချတယ်။ စက်တပ်လေထီးနဲ့လည်း ချတယ်။ လေကြောင်းတိုက်ခိုက်မှုက ဆက်တိုက်ကို လုပ်နေတာ စစ်ခွေးဘက်က တိုက်ပွဲအတွင်း အထိနာလို့ တိုက်ခိုက်နေတာထင်တယ်။ မွန်းလွဲပိုင်းတည်းကနေ အခုထိ ပစ်ခတ်သံတွေကြားနေရတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

လက်ရှိချိန်တွင် တိုက်ပွဲများကြောင့် ပြောင်းပြာရွာ၊ လက်လှုပ်ရွာ ၊ စားတော်ပြင်ရွာ၊ ကုန်းရွာ၊ ဇီးတော တောင်ရွာ၊ ဇီးတော မြောက်ရွာ၊ အုန်းတောရွာ၊ ရုံးလေးပင်ရွာနှင့် နုံးရွာ မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article