35 C
Yangon

နာဂအုပ်ချုပ်ခွင့်ရဒေသတွင် လေရှီးမြို့နယ် အုပ်ချုပ်ရေး ဝင်းမောင်က လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် လူစားထိုးရောင်းစား စီးပွားရှာနေ

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဝင်းမောင်သည် ငွေကြေးတတ်နိုင်သူများထံမှ လာဘ်ယူ၍ အကာအကွယ်မဲ့သည့် ဝင်ငွေနည်း ပြည်သူများ၏ သားများကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးကာ လူစားထိုးရောင်းစား စီးပွားရှာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လေရှီးမြို့နယ်အုပ်ချုပ်ရေးမှူး ဝင်းမောင်က ၎င်း၏ ဇနီးဘက်မှ ဆွေမျိုးများ၊ အသိမိတ်ဆွေများနှင့် ငွေကြေးတတ်နိုင်သူများထံမှ လာဘ်ယူကာ စစ်မှုထမ်းစာရင်းမှ ချန်လှပ်ပေးထားကြောင်း၊ တစ်ဖက်တွင်မူ ဆင်းရဲသားပြည်သူများ၏ လူငယ်အရွယ် သားများကို ညအချိန်မတော် နေအိမ်တံခါးများ ဖျက် ဆီးဝင်ရောက်ကာ လူမိုက်ဂိုဏ်းဆန်ဆန် အတင်းအဓမ္မ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။

မတ်လ ၁၃ ရက်နေ့ ညပိုင်း လေရှီးမြို့နယ်၊ ဒိန်းဂလိန်းစံပြကျေးရွာရှိ နေအိမ်တစ်အိမ်သို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဝင်းမောင် ဦးဆောင်သော စစ်ကော်မရှင်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အိမ်တံခါးကို အတင်းအဓမ္မ ဖျက်ဆီးဝင်ရောက်ကာ ကိုထွန်းဝေ အမည်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ကိုထွန်းဝေသည် နာဂမျိုးနွယ်စု စာပေမြှင့်တင်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျေးရွာရှိ ဆရာ၊ ဆရာမများအတွက် စာပေစွမ်းရည်မြှင့်တင်ရေးသင်တန်း ပို့ချရန် ရောက်ရှိနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကာ ၎င်းကို အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကိုယ်တိုင် ဟုမ္မလင်းအခြေစိုက် စစ်တပ်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ဒေသပြည်သူများ၏ အဆိုအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဝင်းမောင်၏ ဇနီးမှာ ခေတ်အဆက်ဆက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူကို ဒုက္ခပေးနေသူ ထွန်းလှ၏ သမီးဖြစ်ပြီး၊ ယခုအခါတွင်လည်း သားအဖ၊ သမက် သုံးဦးသား ပူးပေါင်းကာ အာဏာကို အလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာနေကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

“ပိုက်ဆံရှိတဲ့သူတွေကျတော့ လာဘ်ယူပြီး ချန်ထားပေးတယ်၊ မရှိဆင်းရဲသား သားသမီးတွေကိုကျတော့ ညကြီးမင်းကြီး အိမ်တံခါးဖျက်ပြီး ဝင်ဖမ်းတယ်။ ဒါဟာ စစ်မှုထမ်းစုဆောင်းတာ မဟုတ်ဘဲ လူရောင်းစားပြီး စီးပွားရှာနေတာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံရပါက အသိပေးတိုင်ကြားနိုင်ကြောင်း နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) က ထုတ်ပြန်ထားသော်လည်း ယခုကဲ့သို့ နာဂလူငယ်များ ဖမ်းဆီးခံနေရမှုအပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးဘဲ ဖြစ်နေသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ ကိုထွန်းဝေ အပါအဝင် အခြားလူငယ်များ လွတ်မြောက်ရေးအတွက် နာဂအရပ်ဘက်အဖွဲ့အစည်းများက ကြိုးပမ်းနေသော်လည်း အခြေအနေတစ်စုံတစ်ရာ မသိရှိရသေးဘဲ လေရှီးမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူး ဝင်းမောင်၏ မတရားဖမ်းဆီးမှုများမှာ ပိုမိုပြင်းထန်လာလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article