36 C
Yangon

မြန်မာပြည်တစ်ဝန်း စက်သုံးဆီဈေး အဆမတန် ထိုးတက်ပြီး ဆီပြတ်လပ်မှုကြောင့် မြို့ကြီးများတွင် ညအိပ် ယာဉ်များ တန်းစီနေရ၊ မှောင်ခိုဈေးကွက်တွင် ဆီများအရောင်းအဝယ် အလွန်ဖြစ်နေ

Must read

ရန်ကုန်၊ မတ် ၂၀

မြန်မာနိုင်ငံတစ်ဝန်းရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စက်သုံးဆီဈေးနှုန်းများ တစ်ရက်တည်း၌ပင် အဆမတန် ထိုးတက်သွားပြီးနောက် ဆီဆိုင်များတွင် ဆီရရှိရန်အတွက် ပြည်သူများမှာ ညလုံးပေါက် ညအိပ်တန်းစီ စောင့်ဆိုင်းနေရသလို၊ မှောင်ခိုဈေးကွက်တွင်လည်း ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း သိရှိရသည်။

မတ်လ ၂၀ ရက်နေ့တွင် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများမှာ တစ်လီတာလျှင် ငွေကျပ် ၇၀၀ မှ ၁၂၀၀ ကျော်အထိ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး 92 Octane တစ်လီတာ ၃,၆၁၀ ကျပ် (၇၈၀ ကျပ် တက်)၊

95 Octane တစ်လီတာ ၃,၈၅၀ ကျပ် (၉၂၀ ကျပ် တက်)၊ ရိုးရိုးဒီဇယ် တစ်လီတာ ၄,၃၉၀ ကျပ် (၁,၁၈၅ ကျပ် တက်)၊ ပရီမီယံဒီဇယ်: တစ်လီတာ ၄,၈၂၀ ကျပ် (၁,၂၆၀ ကျပ် တက်) တက်သွားခဲ့ကြောငး သိရှိရသည်။

ဆီစျေးတက်သော်လည်း လက်တွေ့တွင် ဆီဆိုင်အများစု၌ ဆီမရှိခြင်းနှင့် အကန့်အသတ်ဖြင့်သာ ရောင်းချခြင်းတို့ကြောင့် မှောင်ခိုဈေးကွက် တအားဖြစ်ထွန်းလာနေကြောင်း၊ လက်ရှိ ရန်ကုန် အပြင်မှောင်ခိုဈေးကွက်၌ ဓာတ်ဆီတစ်လီတာလျှင် အနည်းဆုံး ငွေကျပ် ၅,၀၀၀ ဝန်းကျင် အထိ ဈေးပေါက်နေပြီး၊ အရေးပေါ် လိုအပ်နေသည့် အငှားယာဉ်မောင်းများနှင့် လူနာတင်ယာဉ်များမှာ ယင်းဈေးနှုန်းဖြင့် ဝယ်ယူနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရှိရသည်။

ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ဆီပြတ်လပ်မည်ကို စိုးရိမ်သဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ တောင်ကြီးနှင့် ဘားအံမြို့များရှိ ဆီဆိုင်တိုင်းတွင် နံနက် ၃ နာရီခွဲခန့်ကတည်းက ကားနှင့် ဆိုင်ကယ်များ ရာနှင့်ချီ၍ တန်းစီနေကြရသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်လမ်းမပေါ်တွင် ဆီတန်းစီသည့်ကားများမှာ စော်ဘွားကြီးကုန်းမှသည် မင်္ဂလာဒုံစစ်ဆေးရုံအထိ ၂ မိုင်ကျော်ခန့် ရှည်လျားနေပြီး လမ်းပိတ်ဆို့မှုများပါ ဖြစ်ပေါ်နေသည်။

စစ်ကောင်စီဘက်က စက်သုံးဆီ လုံလောက်မှုရှိသည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် ဆီဆိုင်အချို့ ပိတ်ထားခြင်း သို့မဟုတ် ယာဉ်တစ်စီးလျှင် ဆီ ၁၀ လီတာ (သို့မဟုတ် ငွေကျပ် သုံးသောင်းဖိုးခန့်) သာ ကန့်သတ်ရောင်းချပေးနေခြင်းတို့ကြောင့် ခရီးဝေးသွားမည့်သူများနှင့် အငှားယာဉ်မောင်းများ အလွန်အခက်တွေ့နေရသည်။

အင်းစိန်မြို့နယ်မှ ပြည်သူတစ်ဦးက “ဘာလို့ အတန်းတွေ ဒီလောက်ရှည်သွားတာလဲ မသိဘူး။ အရင်ရက်က ပုံမှန်ပဲရှိတာ၊ အခုက ၂ မိုင်ကျော် တန်းနေကြတာ။ ဆီဆိုင်ရှေ့မှာပဲ ညအိပ်တန်းစီနေရတဲ့အထိ ဖြစ်နေတာ။ အပြင်မှာဝယ်ရင်လည်း တစ်လီတာကို ၅,၀၀၀ ကျပ်လောက် ဖြစ်နေပြီဆိုတော့ သာမန်လူတွေအတွက် တော်တော်ခက်ခဲသွားပြီ။”ဟု ပြောဆိုသည်။

မန္တလေးမြို့တွင်လည်း ဆီဆိုင်အချို့ ပိတ်ထားပြီး နေပြည်တော်တွင်မူ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် စက်သုံးဆီအကျပ်အတည်းမှာ ပြည်သူများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article