ရန်ကုန်၊ ဧပြီ ၂
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဖတ်ဖလိုးမြို့တွင် အမေရိကန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ပစ်ထားခဲ့သည့် မြန်မာဒုက္ခသည် သေဆုံးမှုမှာ လူသတ်မှုဖြစ်ကြောင်း အာဏာပိုင်များက ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
မျက်စိကွယ်လုနီးပါး ဖြစ်နေသည့် အသက် ၅၆ နှစ်အရွယ် မြန်မာဒုက္ခသည် အမျိုးသားတစ်ဦးဖြစ်သူ နူးရူလ် အာမင် ရှာအလမ် (Nurul Amin Shah Alam) သည် အမေရိကန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Border Patrol) ၏ ပစ်ထားခြင်းကို ခံရပြီးနောက် လမ်းပေါ်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်မှာ လူသတ်မှုဖြစ်ကြောင်း အီရီခရိုင် (Erie County) ဆေးစစ်ချက် အရာရှိရုံးက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။
ဆေးစစ်ချက် အစီရင်ခံစာအရ ၎င်းသည် အအေးလွန်ကဲခြင်း (Hyporthumia) နှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် အပေါက်ဖြစ်ကာ နောက်ဆက်တွဲ ဝေဒနာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဥပဒေသဘောအရ သေဆုံးမှုတစ်ခုကို “လူသတ်မှု” (Homicide) ဟု သတ်မှတ်ခြင်းမှာ အခြားသူတစ်ဦးဦး၏ လုပ်ဆောင်ချက် သို့မဟုတ် တာဝန်ပျက်ကွက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သော်လည်း ယင်းသည် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု တိုက်ရိုက် အဓိပ္ပာယ်မရသေးပေ။
ရှာအလမ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Border Patrol) က ၎င်းကို ခေတ္တထိန်းသိမ်းခဲ့သည်။ ထို့နောက် ၎င်းအား ပြည်နှင်ဒဏ်ပေးရန် အကျုံးမဝင်ကြောင်း ဆုံးဖြတ်ကာ ထိုည၌ပင် ပိတ်ထားသည့် Tim Hortons ဒိုးနတ်ဆိုင်တစ်ခု၏ ရှေ့၌ ပစ်ထားခဲ့ခြင်း ဖြစ်သည်။
မျက်စိမမြင်သလောက်ဖြစ်နေပြီး အင်္ဂလိပ်စကားလည်း မပြောတတ်သည့် ရှာအလမ်သည် အအေးဒဏ်ကြားတွင် အကူအညီမဲ့စွာ လမ်းလျှောက်သွားခဲ့ရပြီး ၅ ရက်အကြာ ဖေဖော်ဝါရီ ၂၄ ရက်တွင် အားကစားကွင်းတစ်ခုအနီး၌ အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အီရီခရိုင် အုပ်ချုပ်ရေးမှူး မာ့ခ် ပိုလွန်ကာ့ဇ် (Mark Poloncarz) က “ဒီဖြစ်ရပ်မျိုး မဖြစ်သင့်ခဲ့ဘူး” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ရှိမရှိကိုမူ မှတ်ချက်မပေးခဲ့ပေ။
နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီတီယာ ဂျိမ်းစ် (Letitia James) ကလည်း ဤအမှုကို ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးဌာန (CBP) ဘက်ကမူ ရှာအလမ်ကို လွှတ်ပေးစဉ်က ကျန်းမာရေးချို့ယွင်းချက် သို့မဟုတ် အကူအညီလိုအပ်သည့် အခြေအနေမျိုး မတွေ့ရကြောင်း ခုခံပြောဆိုထားသည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ကလည်း ဤသေဆုံးမှုမှာ ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ထားသည်။
နယူးယောက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကမူ ရှာအလမ်သည် မြန်မာ နိုင်ငံတွင် နှိပ်စက်ညှဉ်းပန်းခံရသည့် ရိုဟင်ဂျာ မွတ်စလင်မျိုးနွယ်စုဝင် တစ်ဦးဖြစ်ပြီး လုံခြုံမှုရှာဖွေရန် အမေရိကန်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းအား လမ်းပေါ်တွင် အသေခံရန် ပစ်ထားခဲ့သည့် အရာရှိများတွင် တာဝန်အပြည့်အဝရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ် (Kathy Hochul) ကလည်း အင်္ဂလိပ်စကား မတတ်သည့် မျက်မမြင်တစ်ဦးကို ပိတ်ထားသည့် ဆိုင်ရှေ့တွင် ချထားခဲ့ခြင်းမှာ “ရက်စက်ပြီး လူသားမဆန်သည့် လုပ်ရပ်” ဖြစ်ကြောင်း ရှုတ်ချပြောကြားခဲ့သည်။
ရှာအလမ်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သို့ ဒုက္ခသည်အဖြစ် မိသားစုနှင့်အတူ ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန်နှင့် တာဝန်ရှိသူများကို အရေးယူရန် လူ့အခွင့်အရေးအဖွဲ့များက ဆက်လက်တောင်းဆိုလျက် ရှိပါသည်။




