36 C
Yangon

စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ်မှုထမ်းစစ်သားများကို တာဝန်ပြီးဆုံး၍ အိမ်ပြန်ခွင့်ပြုရာတွင် ကယားတစ်ပြည်နယ်လုံးတွင် ၃၈၅ ဦးသာ အိမ်ပြန်နိုင်၊ ကော့မှူးမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ လူငယ်စစ်သားများအားလုံးနီးပါး သေဆုံးခဲ့ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၆

ကယားပြညနယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ်မှုထမ်းစစ်သားများကို တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ အိမ်ပြန်ခွင့်ပြုရာတွင် စစ်မှုထမ်းတပ်သား ၃၈၅ ဦးသာ အိမ်ပြန်နိုင်ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်မှုအရ သိရှိရသည်။

ဧပြီလ ၃ ရက်နေ့ စစ်မှုထမ်းအပတ်စဉ် ၁ မှ စစ်မှုထမ်းတပ်သားများကို စစ်မှုထမ်းကာလ ၂ နှစ် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ အိမ်ပြန်ခွင့်ပြုရာတွင် ၃၈၅ ဦးကိုသာ စစ်တပ်က ဂုဏ်ပြုဆုများပေး၍ အိမ်ပြန်ခွင့်ပြုကြောင်း၊ ကယား ပြည်နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ အတွက် စုစုပေါင်း ၆၀၀ ကျော်ကို ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းတို့အနက်မှ ၃၈၅ ဦးသာ အိမ်ပြန်နိုင်ပြီး ကျန်စစ်မှုထမ်းတပ်သားများမှာ တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အပတ်စဉ် ၁ အတွက် ကယားပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း(ပ/စ)က ၆၀၀ ကျော်ခေါ်ယူခဲ့တာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင်မူ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် လူငယ်များကို ခေါ်ယူခဲ့ရာတွင် လူငယ် စုစုပေါင်း ၁၅၀ နီးပါး​ ခေါ်ယူခဲ့ပြီး အများစုမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ကော့မှူးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်သော ငှက်အော်စမ်းကျေးရွာမှ အဖ ဦးခင်မောင်ဦးနှင့် အမိ အဒေါ်အသန်းတို့၏သား တပ်သားကိုရဲ၊ ကော့မှူးမြို့နယ်၊ မဆယ်ဆိပ်ကျေးရွာမှ အဖဦးဖိုးမှတ်နှင့် အမိဒေါ်ညိမ်းအေးတို့၏သား စစ်မှုထမ်းတပ်သား လှမင်းသန်း(ခ)ချက်ဖောင်းတို့မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ လားရှိုးမြို့တွင် မိုင်းဆွဲခံရ၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် ကော့မှူးမြို့နယ်မှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း မဆယ်ဆိပ်ကျေးရွာမှ အဖဦးကျော်မြင့်၊အမိ ဒေါ်သင်းတို့၏သား စစ်မှုထမ်းတပ်သား သန့်ဇင်မှာ ခြေထောက်ပြတ်ခြင်း၊ မဆယ်ဆိပ်ကျေးရွာ အဖဦးမြင့်သူနှင့် အမိဒေါ်စိုးစိုးစံတို့၏သား စစ်မှုထမ်းတပ်သား ဇေရဲထက်(ခ)နွားကြီး မှာ မိုင်းဆွဲခံရသဖြင့် အသက်ဆုံးရှုံးခြင်းနှင့် ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။

“ကော့မှူးမှာ စစ်မှုထမ်းအပတ်စဉ် ၁ ပါသွားတဲ့ မဆယ်ဆိပ်ကျေးရွာ၊ငှက်အော်စမ်းကျေးရွာ၊ ချောင်းကော်ခြံကျေးရွာ၊ ရေတာရှည်ကျေးရွာနဲ့ ကျေးရွာတွေအားလုံးက လူငယ်တွေ အားလုံးနီးပါး သေဆုံးပါတယ်။ အဓိက ရှမ်းမြောက်တိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေးထဲမှာ ကျဆုံးကုန်တာ” ဟု ကော့မှူးမြို့နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းများကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဥ် ၂၄ သို့ ရောက်ရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article