ရန်ကုန်၊ ဧပြီ ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် မီးလောင်ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ မြဝတီမြို့နယ်၊ မင်းလက်ပံရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် မီးလောင်ဗုံးများ အသုံးပြု၍ ကျေးရွာအတွင်းကို ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော မီးလောင်ဗုံးများသည် နေအိမ်များပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၃၀ ကျော်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် တိမ်းရှောင်နေခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမရှိကြောင်း သိရှိရသည်။
“စစ်တပ်က ဒရုန်းတွေနဲ့ မီးလောင်ဗုံးတွေချတာ ရွာထဲကိုတော့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာမရှိသေးဘူး။ လက်နက်ကြီးကျည်တွေကျတာရှိတယ်။ ဒရုန်းတွေနဲ့ လာချတာတွေရှိတယ်။ အဲဒရုန်းတွေက မီးလောင်ဗုံးတွေဆိုတော့ နေအိမ်တွေ မီးလောင်ပျက်စီးတာပေါ့။ အခုရွာထဲမှာ မီးလောင်ပျက်စီးတာ နေအိမ် ၃၀ ကျော်နီးပါးရှိနေပြီ တစ်နေ့ကို အနည်းဆုံး နေအိမ် ၄ လုံးလောက် မီးလောင်ပျက်စီးနေတယ်။ တိုက်ပွဲတွေက တစ်ချိန်လုံးရှိနေတာလေ ရွာထဲမှာတော့ မဟုတ်ဘူး။ ရွာထဲကို မီးလောင်ဗုံးတွေက ပစ်ပစ်သွင်းသလိုဖြစ်နေတာ နေ့တိုင်းကို မီးလောင်နေတာ မနေ့က တစ်ရက်ပဲ နည်းနည်းငြိမ်တယ်။ အရင်ရက်တွေနဲ့ ဒီနေ့လည်း မီးလောင်နေတယ်။ ပြည်သူတွေ အကုန်လုံးက တိမ်းရှောင်နေရကြတော့ ထိခိုက်တာတော့မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






