31 C
Yangon

ငါန်းဇွန်နှင့်မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ထိခိုက်ပျက်စီးမှုများရှိနေ

Must read

ရန်ကုန်၊ ဧပြီ ၂၃

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နှင့် KNU အုပ်ချုပ်မှုနယ်မြေ၊ မူးမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ ကျေးရွာများကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးက ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာအတွင်းသို့ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် နတ်ကြီးကျေးရွာမှ လူငယ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ၃ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက စက်သေနတ်တွေနဲ့လည်း ပစ်ခတ်သွားတယ်။ နတ်ကြီးကျေးရွာနေ အမျိုးသမီး ၁ ဦးသေဆုံးကာ၊ အသက်အရွယ်ကတော့ လူငယ်ပိုင်းလို့ ကျွန်တော်တို့ သိရတယ်။ နတ်ကြီးကျေးရွာနေသော ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိကာ၊ နေအိမ် ၃ လုံးပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက်အရွယ်ကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ KNU အုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း၌လည်း ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ-၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။

ထိုပေါက်ကွဲမှုကြောင့် ဦးဇော်မျိုးနှင့် ဒေါ်မအူးတို့၏ နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ရသည့်အပြင် လက်ပံကုန်းကျေးရွာမှ ပျဉ်းမပင်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် အသက် ၄၆ နှစ်အရွယ် ဦးငြိမ်းခိုင်တွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့လည်းကောင်း၊ လုပ်ငန်းခွင်များအတွင်းသို့လည်းကောင်း ဒရုန်း၊ လက်နက်ကြီးနှင့် လေယာဉ်အမျိုးမျိုးဖြင့် နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိသောကြောင့် ဒေသခံပြည်သူလူထုမှာ အသက်အန္တရာယ်အတွက် အမြဲမပြတ် စိုးရိမ်ထိတ်လန့်မှုများဖြင့် ရှင်သန်နေထိုင်နေကြရကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article