ရန်ကုန်၊ ဇူလိုင် ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ စခန်းမှူးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ယနေ့ ဇူလိုင် ၂၄ ရက်နေ့က နံနက် ၈ နာရီကျော်အချိန်ခန့် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
စခန်းမှူးသည် ယနေ့နံနက်က စျေးဝယ်ရန်ရောက်လာစဉ် စနဲမြို့စျေးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးကပြောသည်။
“၈နာရီကျော်လောက်မှာ စျေးထဲမှာ အဖမ်းခံရတယ်လို့ပြောတယ်။ အခုကတော့ စနဲမြို့က တိတ်ဆိတ်နေပါတယ်။ အခုထိတော့ စစ်ဆေးမေးမြန်းတာတွေတော့မရှိသေးဘူး။ ဒါပေမဲ့ဆေးရုံနားမှာတော့ လုံခြုံရေးတွေချထားတာတွေရှိတယ်။ စျေးတွေကိုလည်း ပိတ်သွားကြပြီ”ဟု ပြောသည်။
စနဲစခန်းမှူးဖမ်းဆီးခံမှုနှင့်ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူများအား မေးမြန်းရန် ကြိုးစားနေဆဲဖြစ်ပါသည်။ ဖမ်းဆီးခံရသူမှာ စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေနှင့် ယာဉ်မောင်း မောင်ကျော်နိုင်တို့ကိုလည်း ရက္ခိုင့်တပ်တော် AA က ဇူလိုင် ၂၃ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန် ၂၀ ရက်နေ့က ကျောက်တော်မြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့က စစ်တွေမြို့မှ စစ်ကောင်စီတပ်သာ ၂ ဦး၊ တို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့သည်။
ယင်းဖြစ်စဉ်များအတွင်းတွင် စစ်ကောင်စီဖက်က စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးပြီး နိုင်ငံတော် ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ ဖမ်းဆီးခံထားရသူများမှ တချို့ကိုလည်း ဥပဒေမဲ့ နှိပ်စက်ထားကြောင်း သိရှိရသည်။
ယင်းအယင် ရခိုင်ပြည်နယ်မှ မြို့နယ်တချို့သို့ ကုန်စည်စီးဆင်းမှုများကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပြုလာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ် ဖြစ်သည်)